ဇူလိုင်၊ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်နဲ့ မြောင်းမြမြို့တွေမှာ ရက်လုပ်ကြတဲ့ စလူယပ်တောင် လုပ်ငန်းဟာ မိရိုးဖလာလုပ်ငန်း တခုဖြစ်သလို ဆယ့်နှစ်လရာသီလုံး ရောင်းအားမပြတ်တဲ့ လက်မှုပစ္စည်းတခု ဖြစ်ခဲ့ပါတယ်။
ရာသီဥတု ပိုမိုပူပြင်းလာချိန်နဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေကြားမှာ အရင်ထက် နှစ်ဆနီးပါး ရောင်းအားတက်ခဲ့ပေမယ့် လက်ရှိမှာတော့ ကုန်ကြမ်းရဖို့ ခက်တာနဲ့ ကျွမ်းကျင်လုပ်သား ရှားပါးမှုတွေကြောင့် ရေရှည်ရပ်တည်ဖို့ ခက်ခဲလာတဲ့ အခြေအနေ ကြုံတွေ့နေရပါတယ်။
စလူယပ်တောင်လုပ်ငန်းရဲ့ အဓိက ကုန်ကြမ်းဖြစ်တဲ့ စလူပင်တွေဟာ ပုသိမ်၊ ချောင်းသာ၊ သာပေါင်း၊ မြောင်းမြ၊ လပွတ္တာ၊ ငတုတော စတဲ့မြို့နယ်ရိုးအစပ်တွေနဲ့ ပုသိမ်မြို့ အနောက်တောင်ပိုင်းစစ်ဒေသချုပ်က သိမ်းယူထားတဲ့ တပ်နယ်ထဲက တောင်ကုန်းနဲ့ ရိုးအစပ်တွေမှာ သဘာဝအလျောက်ပေါက်ကြတာဖြစ်ပါတယ်။
အလေ့ကျပေါက်တဲ့ စလူပင်တွေက စလူခက်တွေကို ဒေသခံတွေက ခုတ်ယူပြီး အခက် ၁၀၀ ကို ငွေကျပ် သုံးထောင်နဲ့ မြို့ပေါ်က စလူဖက်ရောင်းဝယ်ရေး ဒိုင်တွေမှာ ရောင်းချကြပါတယ်။
အခုတော့ စလူတောတွေ ပြုန်းလာပြီး တောနက်လာတာကြောင့် ရောင်းချသူတွေလည်း စရိတ်နဲ့ မကာမိတာတွေ ဖြစ်လာတယ်လို့ မြောင်းမြမြို့က စလူဖက်ခုတ်သူ ဦးလှဝင်းက ဆိုပါတယ်။
စလူယပ်တောင်လုပ်တဲ့အခါ ကျေးလက်ဒေသခတွေက ဝယ်ယူရရှိတဲ့ စလူရွက်အစိမ်းတွေကို ရက်သတ္တပတ် တပတ်ကနေ နှစ်ပတ်အတွင်း နေလှမ်းအခြောက်ခံရပါတယ်။
ပြီးရင်တော့ ရက်လုပ်ဖို့ နန်းဆွဲရပြီး ရက်လုပ်ပြီးတဲ့အခါမှာတော့ လက်ကိုင်ရိုးစီးတာ အနားကွက်ပြီးတာနဲ့ အသုံးပြုနိုင်တဲ့ ရောင်းတန်းဝင် စလူယပ်တောင်အဖြစ် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
” ယပ်တောင်ထဲမှာမှ စလူယပ်တောင်ကို ပိုသုံးကြတယ်။ စလူယင်တောင်က နွဲ့တယ်။ ယပ်ခတ်ရင် အားမစိုက်ရဘူး။ လေအေးအေးရတယ် ပေါ့ပါးတယ် တနှစ်က ယပ်တောင်အချောင်းလေးသိန်းကျော်လောက် ရောင်းရာကနေ ဒီနှစ်မီးတွေပိုပျက်တော့ အရေအတွက်
၆ သိန်းကျော်လောက် ရောင်းရတယ် ” လို့ ပုသိမ်မြို့က စလူယပ်တောင်လုပ်ငန်း လုပ်ကိုင်သူက ဆိုပါတယ်။
စလူယပ်တောင်လုပ်ဖို့ အကြုံးမဝင်တဲ့ စလူရွက်တွေနဲ့ ကျန်အစိတ်အပိုင်းတွေကိုတော့ ကောက်ညှင်းထုပ် ထုတ်တဲ့နေရာတွေ၊ ဆေးလိပ်အစီခံ လုပ်တာနဲ့ ဝါးခမောက်အတွင်းဖက်အခံတွေအဖြစ် ဆက်သုံးလို့ရတာကြောင့် စလူပင်ဟာ စွန့်ပစ်ရတဲ့ အစိတ်အပိုင်းမရှိသလောက်ပဲလို့ ဆိုစမှတ်ပြုကြပါတယ်။
” သဘာဝကုန်ကြမ်းကိုမှ စက်အကူမပါဘဲ လက်နဲ့လုပ်တဲ့ အရာဆိုတော့ အရင်က ငွေဆောင်၊ ချောင်းသာဘက် ရောက်လာတဲ့ နိုင်ငံခြားသားတွေ လာကြည့်တယ်။ အခု စစ်အာဏာသိမ်းပြီးနောက်တော့ သူတို့ ရောက်မလာကြတော့ဘူး ” လို့ဆိုပါတယ်။
လက်ရှိမှာတော့ စလူပင်တွေ ပေါက်တဲ့ တောတောင်တွေကို ခုတ်ထွင်ရှင်းလင်းပြီး ဒေသခံတချို့နဲ့ အာဏာပိုင်တွေက သီဟိုပင်နဲ့ တခြားစက်မှုကုန်ကြမ်း နှစ်ရှည်ပင်တွေကို အစားထိုး စိုက်တာကြောင့် စလူပင်တွေလည်း ပျက်သုန်းလုနီးပါး ဖြစ်လာပါတယ်။
ပြည်တွင်းဈေးကွက်မှာတင် ကျယ်ကျယ်ပြန့်ပြန့်ရောင်းအားကောင်းတဲ့ စလူယပ်တောင်ဟာ လက်ရှိမှာဆိုရင်တော့ ဝယ်လိုအားတွေ ဆက်ရှိနေပေမယ့်လည်း ရေရှည်လုပ်ကိုင်ဖို့ အခက်ကြုံနေကြပြီလို့ စလူယပ်တောင်လုပ်ငန်း လုပ်ကိုင်သူတွေက ဆိုကြပါတယ်။
” ဈေးကွက်က ကျယ်ကျယ်ပြန့်ပြန့်ရှိတယ်။ ဝယ်လိုအားလည်း ရှိတယ်။ အဓိက ကုန်ကြမ်းပင်ဖြစ်တဲ့ စလူပင်တွေ ပြုန်းလာတယ်။ စလူပင်တောတွေ ရှင်းပြီး တခြားအပင်တွေ စိုက်ကြတော့ စလူရွက်လည်း ရှားလာပြီလေ ” လို့ ဘိုးဘွားအစဉ်အဆက် စလူယပ်တောင်လုပ်ခဲ့တဲ့ ပုသိမ်မြို့ဒေသခံက ဆိုပါတယ်။
စလူယပ်တောင် ဈေးကွက်ဟာ ပြည်တွင်းမှာတင် ရှိနေတာမဟုတ်ဘဲ ပြင်သစ်၊ ဂျာမဏီ၊ တရုတ် နဲ့ အရှေ့တောင်အာရှ နိုင်ငံတချို့ကိုလည်း ဖြန့်ချီရတဲ့ မိရိုးဖလာ လုပ်ငန်းတခု အဖြစ်လည်း ရှိနေတယ်လို့ ဆိုကြပါတယ်။
ဈေးကွက် နဲ့ ဝယ်လိုအား ရှိနေတဲ့ ပြင်သစ်၊ ဂျာမဏီ၊ တရုတ် နဲ့ အရှေ့တောင်အာရှ နိုင်ငံ အချို့ကိုတော့ ပုသိမ်မြို့က ပုသိမ်ထီး ထုတ်လုပ်သူတွေနဲ့ ချိတ်ဆက်ပြီး ပုသိမ်ထီး နဲ့အတူ တင်ပို့ ရောင်းချ ကြတာပါ။
မြန်မာရိုးရာ လက်မှုပညာ ဖြစ်တဲ့ စလူယပ်တောင် လုပ်ငန်းကို ပုသိမ်မြို့မှာတော့ ဘိုကြီးကုန်း၊ လှည်းကျော်ကုန်း၊ မညိမ်းလှကုန်း၊ ကျောက်စရစ်ကုန်း၊ ဇေယျဝတီ၊ ရာမည၊ ရေကြည်ဦး နဲ့ ချဉ်ပေါင်ကုန်း ရပ်ကွက်တို့မှာ လုပ်ကိုင်ကြပါတယ်။
အလားတူ မြောင်းမြမြို့မှာတော့ စလူယပ်တောင်လုပ်ငန်းကို ယခင်က ရပ်ကွက်တော်တော် များများမှာ လုပ်ကိုင်ကြပေမယ့် အခုအခါမှာ လုပ်ကိုင်သူ အတော်နည်းပါးလာပြီး မဟာစည် နဲ့ စမ်းချောင်း ရပ်ကွက်မှာသာ တနိုင်တပိုင် လုပ်ကိုင်သူတွေ ရှိပြီး စလူဖက် နဲ့ စလူယပ်တောင် ရောင်း/ဝယ် ရေး ဒိုင်သုံးဒိုင်သာ ရှိတော့တယ်လို့ ဆိုပါတယ်။
” စလူဖက် ကုန်ကြမ်းက ရှားလာတော့ စလူဖက် ကုန်ကြမ်းကို သိုလှောင်မထားနိုင်တဲ့ တနိုင်တပိုင် လုပ်သူတွေ၊ စားဝတ်နေရေးအတွက် အားထားလို့မရတော့ဘူး အခက်အခဲရှိလာတယ်၊ အဲ့တော့ ကုန်ကြမ်းယူ ကုန်ချောပေး လက်ခစားဘ၀ကို ရောက်ကုန်တယ်၊ ရေရည်မှာ ဒီအလုပ် က မလွယ်ဘူး ” လို့ မြောင်းမြမြို့က စလူယပ်တောင်လုပ်ငန်း လုပ်ကိုင်သူကလည်း ဆိုပါတယ်။
တဖက်မှာလည်း စလူယပ်တောင် ရက်တဲ့ ကျွမ်းကျင်လုပ်သားတွေဟာ ဝင်ငွေနည်းပါးတာကြောင့် လုပ်ငန်းကို စွန့်ခွာလာကြပြီး လုပ်ငန်းပြောင်းလုပ်ကိုင်တာကြောင့် ကျွမ်းကျင်လုပ်သားတွေ ရှားပါးလာကြပါတယ်။
စလူယပ်တောင် လုပ်ငန်းမှာ စလူရွက် ကုန်ကြမ်း ရှားပါးမှု အခက်အခဲနဲ့ ကျွမ်းကျင်လုပ်သား ရှားပါး လာတာတွေအပြင် အလှူအတန်းနဲ့ နာရေးတွေမှာ ပလတ်စတစ်ယပ်တောင်တွေကို အစားထိုးသုံးစွဲမှု များပြားမှုကလည်း ဈေးကွက်ယှဉ်ပြိုင်မှုတခုအနေနဲ့ ရှိနေပါတယ်။
ဒီလိုအခြေအနေတွေကြားမှာပဲ အရင်က ပုသိမ်မြို့မှာ စလူယပ်တောင်လုပ်ကိုင်သူ ၁၀ ဦး ရှိရာကနေ ၆ ဦးသာ ကျန်ပြီး မြောင်းမြမြို့မှာလည်း အရင်က လုပ်ငန်းရှင် ၆ ဦးရှိပေမယ့် အခု ၂ ဦးသာ ကျန်တော့သလို တပိုင်တနိုင်လုပ်ကိုင်သူတွေလည်း နည်းပါးလာတယ်လို့ စလူယပ်တောင်ထုတ်လုပ်သူတွေက ဆိုကြပါတယ်။
” ဒီလုပ်ငန်းနဲ့ အတတ်ပညာကို ခေတ်အဆက်ဆက် အုပ်ချုပ်တဲ့ လူတန်းစားတွေက သတိမမူခဲ့ဘူး။ အခုတော့ အခြေအနေအရပ်ရပ်ကြောင့် တိမ်ကောသွားနိုင်တယ်။ ရေရှည်ရပ်တည်ဖို့ဆိုရင် အစိုးရတရပ်ရဲ့ ပံ့ပိုးမှုတွေ လိုအပ်တယ် ” လို့ လုပ်သက်ရင့် စလူယပ်တောင်လုပ်ငန်းရှင်က ဆိုပါတယ်။
စစ်အာဏာသိမ်းမှု လက်အောက်မှာ နိုင်ငံတဝန်း မငြိမ်မသက်မှုတွေနဲ့ အထွေထွေအကျပ်တည်းတွေကြားမှာ ဘက်ပေါင်းစုံက စီးပွားရေးလုပ်ငန်းတွေ ယိုယွင်းနေသလို အသေးစားအလတ်စားလုပ်ငန်းတွေနဲ့ လက်မှုလုပ်ငန်းတွေဟာလည်း ခက်ခက်ခဲခဲ ရုန်းကန်နေကြရပြီး လုပ်ငန်းတချို့ကတော့ တိမ်ကောပျောက်ကွယ်မယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ဓာတ်ပုံ – CJ