နိုက်ဂျားမှာ စစ်တပ် အာဏာသိမ်းမှုကို ဘယ်သူဦးဆောင်သလဲ တိတိကျကျ မသိရသေး

ဇူလိုင်၊ ၂၈

သမ္မတကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်ပေမယ့် နိုက်ဂျားစစ်တပ်ဟာ အာဏာသိမ်းမှုကို ဘယ်သူဘယ်ဝါ ဦးဆောင်သလဲ ဆိုတာကို တိတိကျကျ မထုတ်ပြန်သေးပါဘူး။

ဇူလိုင် ၂၆ ရက်မှာ နိုက်ဂျားစစ်တပ် သမ္မတ မိုဟာမက် ဘာဇိုအွမ်ကို ဖမ်းဆီးလိုက်ပြီး အာဏာသိမ်းလိုက်ပြီ ဆိုတာကို အတည်ပြု ကြေညာခဲ့ပါတယ်။ စစ်တပ်ရဲ့ ဗိုလ်ချုပ်တဦးဖြစ်တဲ့ အမာဒူ အက်ဘ်ဒရမ်မာနေက တခြား စစ်အရာရှိတွေ ခြံရံပြီး အာဏာသိမ်းမှု သတင်းကို အစိုးရ ရုပ်မြင်သံကြားကနေတဆင့် အတည်ပြု ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ အက်ဘ်ဒရမ်မာနေဟာ အာဏာသိမ်းမှုရဲ့ ခေါင်းဆောင် ဟုတ်မဟုတ် အတည်မပြုနိုင်သလို မဖြစ်နိုင်တဲ့ အလားအလာက ပိုများနေတယ်ဆိုတဲ့ ထင်ကြေးတွေလည်း ပျံ့နှံ့နေပါတယ်။ နိုက်ဂျား စစ်တပ်က ဘာဇိုအွမ်ကို သမ္မတ နန်းတော်ထဲမှာပဲ ချုပ်နှောင်ထားတာဖြစ်ပြီး​ လောလောဆယ် နိုင်ငံကို ဘယ်သူက အဓိက ဦးဆောင်နေမှန်း မသိရသေးပါဘူး။

အစောပိုင်းတုန်းက အာဏာသိမ်းမှုဟာ နိုက်ဂျားစစ်တပ် တခုလုံးရဲ့ သဘောထား မဟုတ်ဘူး ဆိုတာမျိုး ကောလာဟလတချို့ ထွက်ပေါ်ခဲ့သေးပေမယ့် နောက်ပိုင်းမှာတော့ စစ်တပ်က အဲဒီကိစ္စကို အတိအလင်း ထောက်ခံ ရပ်တည်လာခဲ့ပါတယ်။

နိုက်ဂျားစစ်တပ်ရဲ့ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး အက်ဘ်ဒူ ဆီဒီကူ အစ်ဆာက သူဟာ အာဏာသိမ်းလိုက်တဲ့ တပ်အရာရှိတွေကို ထောက်ခံတယ်လို့ ပြောကြားခဲ့ပေမယ့် သူကိုယ်တိုင်က အာဏာသိမ်းမှုကို ညွှန်ကြားခဲ့တာ ဟုတ်မဟုတ် ဆိုတာကိုတော့ အတည်ပြုမသွားပါဘူး။ ဒီအခြေအနေကလည်း အာဏာသိမ်းမှုကို ဘယ်သူ ဦးဆောင်ခဲ့သလဲဆိုတဲ့ ကိစ္စအပေါ် ပိုမို ရှုပ်ထွေးသွားစေပါတယ်။

လောလောဆယ်မှာ အမေရိကန်၊ လစ်ဗျားကို ကိုလိုနီအဖြစ် အုပ်စိုးခဲ့ဖူးတဲ့ ပြင်သစ်၊ အနောက်အာဖရိက နိုင်ငံတွေနဲ့ ကုသလမဂ္ဂတို့က ဘာဇိုအွမ်ကို ပြန်လွှတ်ပေးဖို့၊ အာဏာသိမ်းမှုကို ရုပ်သိမ်းဖို့ လစ်ဗျား စစ်တပ်ကို တောင်းဆိုနေပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နေ့ကတည်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာထားပြီး ညမထွက်ရ အမိန့် ထုတ်ပြန်ထားသလို နယ်စပ်တွေကိုပါ ပိတ်ထားလိုက်ပါတယ်။ လစ်ဗျားမှာ အခြေအနေတွေ ရှုပ်ထွေးနေတာကြောင့် လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့နေတာကို ယာယီ ဆိုင်းငံ့ထားမယ်လို့လည်း ကုလသမဂ္ဂက ကြေညာထားပါတယ်။

လစ်ဗျားဟာ ၁၉၆၀ ပြည့်နှစ်မှာ ပြင်သစ်ဆီကနေ လွတ်လပ်ရေး ရခဲ့ပြီး အဲဒီနောက်ပိုင်း အောင်မြင်တဲ့ အာဏာသိမ်းမှု ၄ ကြိမ်နဲ့ မအောင်မြင်ခဲ့တဲ့ အကြိမ်ရေ အတော်များများကို မျက်မြင် ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

 

Ref: Reuters