နိုင်ငံတောင်ပိုင်း စစ်မြေပြင်မှာ တန်ပြန်ထိုးစစ် အစီအမံတွေ အောင်မြင်မှု ရရှိနေတယ်လို့ ယူကရိန်း စစ်တပ်ပြော

ဇူလိုင်၊ ၂၈

နိုင်ငံတောင်ပိုင်းမှာ ဆင်နွှဲနေတဲ့ တန်ပြန်ထိုးစစ် တခုဟာ ထင်ရှားမြင်သာတဲ့ အောင်မြင်မှုတွေ ရရှိနေတယ်လို့ ယူကရိန်း စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းက ရုရှားထိန်းချုပ်ထားရာ နယ်မြေတွေကို ပြန်လည် ရရှိနိုင်ဖို့အတွက် ယူကရိန်းဟာ တန်ပြန်ထိုးစစ် အစီအမံ တခုကို ရည်မှန်းချက် ကြီးကြီးနဲ့ အစပြုခဲ့ပါတယ်။ အစောပိုင်း ကာလတွေတုန်းက အဲဒီ စစ်ဆင်ရေးဟာ တိုးတက်မှု နှေးကွေးနေခဲ့ပေမယ့် အခုတော့ တောင်ပိုင်းဒေသ စစ်မြေပြင်မှာ ရလဒ်တွေ ကောင်းမွန်နေတယ်လို့ ယူကရိန်းက ဆိုပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ထုတ်ပြန်တဲ့ ဗီဒီယို တခုမှာတော့ ယူကရိန်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဟာ စတာရိုမိုင်ရော့စကီး ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ပြောဆိုထားတာ တွေ့ရပါတယ်။ အဲဒီရွာဟာ ဇာပေါ့ရစ်ဇီရာ ပြည်နယ်ထဲမှာရှိပြီး ယူကရိန်း တပ်တွေအနေနဲ့ အချက်အခြာကျတဲ့ တော့ခ်မက်ခ်မြို့ဆီ ချီတက်ဖို့ ကြိုးစားနေတယ်လို့ ယုံကြည်ရပါတယ်။

ရုရှားတပ်တွေကတော့ ယူကရိန်း ထိုးစစ်ဆင်တဲ့ နေရာနဲ့ မြို့ရဲ့ကြားမှာ ခံစစ်စည်း နှစ်ထပ်ကာပြီး အပြင်းအထန် ခုခံနေဆဲ ဖြစ်ပါတယ်။ အစောပိုင်းတုန်းက ယူကရိန်း စစ်တပ်ဟာ ဇာပေါ့ရစ်ဇီရာမှာရှိတဲ့ ရုရှားထိန်းချုပ် နယ်မြေတွေနားထိ နီးနီးကပ်ကပ် ထိုးဖောက်ပြီး စစ်မြေပြင် အခြေစိုက် ကွပ်ကဲရေး စခန်းတွေ ခိုင်ခိုင်မာမာ ဖြန့်ကျက်ထားနိုင်ပြီလို့ ကြေညာခဲ့ပါသေးတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ယူကရိန်းဟာ သူတို့ရဲ့ စစ်ဆင်ရေးတွေကို သိသိသာသာ အရှိန်မြှင့်တင်လာတယ်လို့ ပြောကြားခဲ့ပြီး ယူကရိန်း စစ်တပ်ကတော့ အဲဒီကိစ္စကို အတည်မပြုပါဘူး။

ယူကရိန်း ကာကွယ်ရေး ဝန်ကြီး ဟန်နာ မာလီရာကတော့ မယ်လီတိုပိုလ်နဲ့ ဘာဒင်နက်စ်ခ် မြို့တွေဆီ ဦးတည် ချီတက်နေတဲ့ ထိုးစစ် အစီအမံတွေဟာ ဖြည်းဖြည်းချင်းနဲ့ ခပ်မှန်မှန်လေး တိုးတက်မှုတွေ ရနေတယ်လို့သာ အရိပ်အမြွက် မှတ်ချက် ပေးခဲ့ပါတယ်။

စစ်ရေး လေ့လာသူ တချို့ကတော့ ယူကရိန်း စစ်တပ်ဟာ စစ်ဆင်ရေးအဖွင့် မဟာဗျူဟာတချို့ လွဲချော်ခဲ့တာကြောင့် တန်ပြန် ထိုးစစ် အစပိုင်းမှာ ရုန်းကန်ခဲ့ရပြီး အထိအခိုက်တွေ များပြားခဲ့ပေမယ့် အခုတော့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာနေပြီလို့ ယုံကြည်ရကြောင်း ပြောပါတယ်။ တကယ်လို့ ယူကရိန်းသာ ရုရှားလက်ထဲက အဓိက မြို့ကြီးတမြို့လောက်ကို ပြန်လည် သိမ်းယူနိုင်ခဲ့မယ်ဆိုရင် ရန်သူအပေါ် စိတ်ဓာတ်ရေးရာအရ ပိုပြီး ကြီးကြီးမားမား အသာစီး ရသွားလိမ့်မယ်လို့လည်း စစ်ရေးသုတေသီတွေက သုံးသပ်ထားကြပါတယ်။

 

Ref: CNN