ပုသိမ်မြစ်ကူးတံတားသစ်ရဲ့ အမြင့်ဆုံးနေရာသို့ တက်ရောက်ခဲ့သူကို စစ်ကောင်စီဖမ်းဆီး

ဇူလိုင်၊ ၂၇
 
ဧရာဝတီတိုင်း၊ ပုသိမ်မြို့အတွင်းက အမှတ် (၂) ပုသိမ်မြစ်ကူးတံတား ထိန်းချုပ်သံကိုင်းရဲ့ အမြင့်ဆုံးနေရာကို ဒီကနေ့ ဇူလိုင် ၂၇ ရက် ညနေပိုင်းက အမျိုးသားတဦး တက်ရောက်သွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပြီး အဲဒီအမျိုးသားကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းမှာ လူငယ်အမျိုးသားတဦးဟာ တံတားရဲ့ ထိန်းချုပ်သံကိုင်းပေါ်ကို တက်ရောက်သွားပြီး လမ်းလျှောက်လိုက်၊ ထိုင်လိုက် လုပ်နေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက ကရိန်းနဲ့ တက်ပြီး ခေါ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
” ငွေဆောင်ဖက်က လာတဲ့လူလို့ ပြောတယ်။ အရက်သောက်ချင်လို့ တက်တာလို့ ပြောတယ်။ စိတ်ကျန်းမာရေး သိပ်ကောင်းပုံ မရဘူး။ ကယ်ဆယ်ရေးအဖွဲ့ကတော့ ချော့ပြီး ခေါ်တာ စစ်တပ်ကတော့ ရိုက်နှက်ပြီး ခေါ်သွားတယ် ” လို့ ကယ်ဆယ်ရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ကလည်း အမှတ် (၂) ပုသိမ်တံတား ပေါ်ကနေ လူငယ်တဦး ခုန်ချတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပြီး ဇူလိုင် ၂၅ ရက်နေ့မှာလည်း တံတားပေါ်မှာပဲ ဆိုင်ကယ်တိုက်ပြီး အမျိုးသမီးငယ်တဦး သေဆုံးတဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့သေးတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အမှတ် (၂) ပုသိမ်မြစ်ကူးတံတားသစ်ကို ၂၀၁၈ ခုနှစ် က စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ခုနှစ်ကုန်ပိုင်းမှာ ပြီးစီးကာ ခရီးသွားတွေ လုံခြုံရေးနဲ့ တံတားလုံခြုံရေးအတွက် CCTV ကင်မရာ အလုံး ၃၀ ကျော် တပ်ဆင်ခဲ့ပါတယ်။
 
ဓာတ်ပုံ – CJ