လောင်းလုံးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် သုံးဦး ကျဆုံး

ဇူလိုင်၊ ၂၇
 
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာ နဲ့ စခန်းကြီးရွာ ကြား ဇူလိုင်လ ၂၂ ရက်က စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF သုံးဦး ကျဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
 
” သူတို့ဘက်က မနက်အစောကြိီး ရုတ်တရက်ဝင်လာတာ၊ အဲ့မှာ ရုတ်တရက်ဆိုတော့ အရှေ့ကနေ ခံပစ်တဲ့ ရဲဘော်တွေ ကျသွားတယ်၊ ထိတာကတော့ ကျည်ပဲထိတာ ” လို့ လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက DNA ကို ပြောပါတယ်။
 
ကားလေးစီးနဲ့လာတဲ့ အင်အားတရာကျော်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့တပ်ဖွဲ့ဝင်တွေ လှုပ်ရှားတဲ့ တောအစပ်အထိ ရောက်ရှိလာကာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကိုတော့ နေ့တွင်းချင်းသင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်။
 
” အလောင်းတွေကို သူတို့ (စစ်တပ်) ဓာတ်ပုံရိုက်သွားသေးတယ်၊ ကျနော်တို့ သွားယူရင်း မီးလောင်ဒဏ်ရာတွေလည်း ရှိနေတယ်၊ အကောင်းပကတိအတိုင်းတော့ မရတော့ဘူး၊ အရင်ကတည်းက သူတို့သာ ကျသွားရင် မန်ယူအင်္ကျီ ထည့်ပေး ပြောထားလို့ သင်္ဂြိုလ်တော့ မန်ယူအင်္ကျီ ထည့်ပေးလိုက်တယ်၊ သုံးယောက်စလုံး မန်ယူကြိုက်ကြတယ် ” လို့ အထက်ပါ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လောင်းလုံးမြို့နယ်အပေါ်ပိုင်းက အဲဒီရွာတွေဘက်ကို ဇူလိုင် ၁၂ ရက်ကနေစပြီး စစ်ကြောင်းထိုး လှုပ်ရှားလာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တောက်လျှောက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတာပါ။
 
လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲတွေကြောင့် အနီးအနားရွာတွေဖြစ်တဲ့ နခံတော၊ စခန်းကြီး၊ ခမောင်းတောင်၊ ဖွားဘုတ်ပြင် နဲ့ တောင်မင်းပြောင်ရွာ တွေက ဒေသခံတထောင်ကျော် နေရပ်စွန့်ခွာ ရှောင်တိမ်းနေကြရပါတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကြောင်းထိုးနေချိန် အဲဒီရွာတွေက နေအိမ်ငါးလုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် နေအိမ်တချို့ကိုလည်း ဖောက်ထွင်းခိုးယူတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
လက်ရှိမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နခံတောရွာအပြင်ဘက်က တောင်ပေါ်မှာ ဆက်ရှိနေသေးတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
 
” အောက်တော့ မဆင်းလာဘူး၊ တောင်ပေါ်မှာပဲ နေနေကြတာ၊ မရှိတော့တဲ့ ပုံစံမျိုး လုပ်ပြီး နေနေကြတယ်၊ ရွာခံတွေကတော့ မပြန်ရဲကြသေးဘူး ” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင်လ ၁၂ ရက်က စစ်ကြောင်းထိုး စတင်ဝင်လာတဲ့အချိန် လူနေအိမ်တွေဘက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ခမောင်းတောင်ရွာက အသက် ၁၇ နှစ်ဝန်းကျင် အမျိုးသမီးငယ်တဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါသေးတယ်။
 
အခုကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်သုံးဦးအပါအဝင် စစ်အာဏာသိမ်းပြီးချိန်ကနေ အခုချိန်အထိ ကျဆုံးခဲ့တဲ့ လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၁ ဦးအထိရှိပြီ ဖြစ်ပါတယ်။
 
ဓာတ်ပုံ – LLPDF