နှစ်သောင်းတန်ငွေ ထုတ်ဝေမှာကို ကန့်ကွက်မှုအနေနဲ့ မြန်မာ့စီးပွားရေးဘဏ်ကို ဗုံးခွဲတိုက်ခိုက်

ဇူလိုင်၊ ၂၇
 
အာဏာသိမ်းစစ်ကောင်စီက နှစ်သောင်းတန် ငွေစက္ကူသစ် ထုတ်ဝေမှာကို ကန့်ကွက်မှု ပြသတဲ့ အနေနဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က မြန်မာ့စီးပွားရေးဘဏ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
 
“ တရားမဝင်တဲ့ စစ်ကောင်စီက ထုတ်ဝေခွင့် မရှိတဲ့ ငွေစက္ကူနှစ်သောင်းတန်ကို သူတို့မှာ လက်နက်ရှိတယ်၊ အာဏာရှိတယ်ဆိုပြီး ပြည်သူတွေဒီလောက် ဒုက္ခရောက်နေတာ ပြန်မကြည့်ဘဲ ငွေကြေးဖောင်းပွမှု ပိုမိုဖြစ်စေမယ့် လုပ်ရပ်မျိုးကို လုံးဝလက်မခံနိုင်ပါဘူး။ ဒါကြောင့် ဘဏ်စောင့်နေတဲ့ စစ်ခွေးတွေကို ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့တာပါဗျ “ လို့ Chaunk Guerrilla Force (C.G.F)အဖွဲ့ ဒုခေါင်းဆောင်ဗိုလ်ပေတေက ပြောပါတယ်။
 
စစ်ကောင်စီရဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးယူနေတဲ့ တဲထဲက စစ်သား ခုနှစ်ဦးကို ဇူလိုင်လ ၂၆ ရက်၊ မနေ့က ည ၈ နာရီခန့်မှာ တော်လှန်ရေးအင်အားစုတွေက လက်ပစ်ဗုံး အနီးကပ်ပစ်ပြီး တိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။
 
အခုလို တိုက်ခိုက်ခံရလို့ စစ်သားတဦး နေရာမှာတင် လဲကျသွားပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကာ အခြားစစ်သားတွေလည်း ထိခိုက်ဒဏ်ရာ ရရှိနိုင်ပြီး နောက်ဆက်တွဲသေဆုံးမှု အခြေအနေကိုတော့ လုံခြုံရေးအရ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
 
“ ပထမတလုံးက error တတ်ပြီး မပေါက်ကွဲဘူး၊ နောက်တလုံးထပ်ပစ်တော့ လုံခြုံရေး ယူနေတဲ့ စစ်ကောင်စီတဲထဲ ကျတယ်၊ တကောင်က ပြင်းပြင်းထန်ထန် ထိတယ်ကြားပါတယ်။ သေတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ကျန်စခတွေလည်း ထိခိုက်မှုရှိနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ တဲထဲတည့်တည့်ကျလို့ပါ “ လို့ ဗိုလ်ပေတေ ကပြောပါတယ်။
 
အဲဒီတိုက်ခိုက်မှုကို Chauk Gurrilla Force (C.G.F) ၊ ချောက် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ Burma Revolution Ranger အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်က တိုက်ခိုက်ခံရတဲ့ မြန်မာ့စီးပွားရေးဘဏ်ကို လုံခြုံရေး တိုးမြှင့်ချထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
 
စစ်ကောင်စီကတော့ နေပြည်တော်မှာ တည်ထားတဲ့ မာရဝိဇယရုပ်ပွားတော် ပြီးစီးတဲ့ အထိမ်းအမှတ်အပြင် ဆင်ဖြူတော်မွေးဖွားတာ တနှစ်မြောက်အဖြစ် နှစ်သောင်းတန်ငွေစက္ကူ ထုတ်ဝေတာလို့ ဇူလိုင်လ ၂၃ ရက်က ကြေညာထားတာဖြစ်ပါတယ်။
 
အဲဒီငွေစက္ကူကို အကန့်အသတ်နဲ့သာ ထုတ်ဝေမှာဖြစ်ပြီး ဟောင်းနွမ်းငွေစက္ကူတွေနဲ့ လဲလှယ်ဖို့ဖြစ်လို့ ငွေကြေးဖောင်းပွမှု မရှိနိုင်ကြောင်းနဲ့ လက်ရှိလည်ပတ်သုံးစွဲနေတဲ့ ငွေစက္ကူတွေကတော့ တရားဝင်ဆက်ရှိနေမှာဖြစ်လို့ စစ်ကောင်စီက ပြောထားပါတယ်။
 
ဒါပေမယ့် စစ်ကောင်စီက ငွေစက္ကူသစ် ထုတ်ဝေမယ့် ကြေညာအပြီးမှာပဲ ရွှေစျေးက ၃၅ သိန်းကျော်နဲ့ အမေရိကန်တဒေါ်လာကို ၃၃ဝဝ ကျော် အထိ မြင့်တက်နေသလို ဆန်၊ ဆီ၊ ဆေးဝါး၊ စက်သုံးဆီ အပြင် အခြေခံစားကုန်စျေးနှုန်းတွေ မြင့်တက်လာနေပါတယ်။
 
ဒါ့အပြင် အာဏာသိမ်းအပြီး ကျဆင်းနေတဲ့ စီးပွားရေး၊ အခွန်အကောက်လျော့နည်းရရှိတာ၊ စစ်အသုံးစရိတ် မြင့်တက်နေတာ၊ လိုငွေပြမှုတွေ များပြားနေတာတွေကို ကျားကန်ဖို့အတွက် ကြိုးစားမှုတရပ်လို့ ဝေဖန်မှုတွေလည်း ရှိပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီက ဇူလိုင်လ ၃၁ ရက်မှာ စတင်ထုတ်ဝေမယ့် ငွေစက္ကူ နှစ်သောင်းတန်ကျပ် ထုတ်ဝေတာ တရားဝင်မှု မရှိသလို၊ အကျိုးဆက်အဖြစ် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေတာကြောင့် အသိမှတ်ပြုမှာ မဟုတ်တဲ့အတွက် တရားမဝင် ငွေစက္ကူအဖြစ် သတ်မှတ်တယ်လို့ ဒီကနေ့ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – CGF