စစ်ကောင်စီက နှစ်နှစ်အတွင်း ငွေကျပ် ဘီလီယံနှစ်သောင်းအထိရိုက်ထုတ်ခဲ့တယ်လို့ NUG ဘဏ္ဍာရေး ဝန်ကြီးပြော

ဇူလိုင် ၊ ၂၇

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ၂၀၂၂ ဒီဇင်ဘာလအထိ နှစ်နှစ်နီးပါးကာလအတွင်း စုစုပေါင်းငွေကျပ် ဘီလီယံနှစ်သောင်းအထိ ရိုက်ထုတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUGရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး လည်းဖြစ်၊ ကြားကာလ ဗဟိုဘဏ် ဥက္ကဌလည်းဖြစ်တဲ့ ဦးတင်ထွန်းနိုင်ကDNAကိုပြောပါတယ်။

အာဏာသိမ်းမှုဖြစ်ခဲ့တဲ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁ရက်ကနေ ၂၀၂၂ခုနှစ် ဒီဇင်ဘာအထိ ကာလအတွင်း စစ်ကောင်စီ က ငွေစက္ကူတန်ဖိုးစုစုပေါင်း ကျပ်ဘီလီယံနှစ်သောင်းအထိရိုက်ထုတ်ခဲ့ကြောင်း ကိန်းဂဏန်းအချက်အလက်တွေ သိထားရတယ် လို့ DNA နဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှု အတွင်း သူကပြောပါတယ်။

“ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်က နှစ်နှစ်တာကာလမှာ ရိုက်ထုတ်ခဲ့တဲ့ ၃ဒသမ၅ ထရီလီယံ(ဘီလီယံ ၃၅၀၀) နဲ့ သူတို့ နှစ်နှစ်တာကာလမှာ ရိုက်ထုတ်ခဲ့တာနဲ့က အနည်းဆုံးခုနစ်ဆကွာပါတယ်၊ဒါနှစ်သောင်းတန်မပါ သေးဘူး”လို့ NUG ရဲ့ ကြားကာလဗဟိုဘဏ်ဥက္ကဌကပြောပါတယ်။

အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ ခုခံတော်လှန်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အသုံးစရိတ်ပိုမိုလိုအပ် လာသလို နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေပြန်ထွက်သွားတာ၊အရေးယူပိတ်ဆို့ခံရတာတွေကြောင့် ဝင်ငွေကလည်း သိသိသာသာလျော့နည်းလာချိန်မှာ စစ်ကောင်စီက ငွေစက္ကူ ရိုက်ထုတ်တဲ့နည်းလမ်းကိုအသုံးပြုနေခဲ့တာ ဖြစ် တယ်လို့ သူကဆိုပါတယ်။

“သူတို့သက်ဆိုးရှည်စေဖို့ ပြည်သူပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဆက်လက်ပြီးတော့အဆမတန်လုပ် ဆောင် ဖို့၊တိုးမြှင့်လုပ်ဆောင်ဖို့အတွက်က ပိုက်ဆံတအားလိုတယ်၊လိုနေတဲ့အတွက် သူတို့ နောက်ထပ် သမားရိုးကျ ရှိရင်း စွဲ Currency ရိုက်ထုတ်တာထက် ပိုပြီးတော့ တန်ဖိုးကြီး တန်ဖိုးမြင့်တဲ့ နှစ်သောင်းတန်ဆိုတဲ့ဟာကို ရိုက်ထုတ်ဖို့ သွေးတိုးစမ်းလာတယ်လို့တော့ကျွန်တော်တို့အနေနဲ့ပြောလို့ရတယ်”လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောပါတယ်။

အခုလကုန်မှာ ကျပ်နှစ်သောင်းတန်ငွေစက္ကူရိုက်ထုတ်မယ်လို့ စစ်ကောင်စီကပြီးခဲ့တဲ့ရက်ပိုင်းမှာ ကြေညာခဲ့ပြီးနောက် ရွှေ၊ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကြေးတန်ဖိုးတွေမြင့်တက်လာသလို အခြေခံ စားသောက်ကုန်တွေနဲ့ ဆေးဝါးစတာတွေလည်းစျေးနှုန်းတွေမြင့်တက်လာနေပါတယ်။

ဒီအခြေအနေကြောင့် ငွေကြေးဖောင်းပွမှုနှုန်း ဆိုးဆိုးရွားရွးမြင့်တက်လာမှာကို စိုးရိမ်တာတွေလည်းရှိ နေပါတယ်။

ဒါပေမယ့် စစ်ကောင်စီကတော့ ကျပ်နှစ်သောင်းတန်ငွေစက္ကူဟာ ဆင်ဖြူတော်ရဲ့မွေးနေ့၊မင်းအောင်လှိုင်ဦးဆောင် တည်ထားနေတဲ့ ဗုဒ္ဓရုပ်ပွားတော် တည် ဆောက်ပြီးစီးမှုအထိမ်းအမှတ်တွေအတွက် အကန့် အသတ်နဲ့ထုတ်ဝေတာ ဖြစ်တယ်လို့ အကြောင်းပြထားပြီး ငွေကြေးဖောင်းပွမှုနှုန်းထပ်တိုးမလာနိုင်ဘူးလို့ ဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ကြား ကာ လ ဗဟိုဘဏ်ကတော့ စစ်ကောင်စီထုတ်ဝေမယ့် နှစ်သောင်းကျပ်တန် ငွေစက္ကူကို NUGနဲ့ NUG ကိုဆက် ခံမယ့် အစိုးရတွေက အသိအမှတ်ပြုမှာမဟုတ်သ လို တရားမဝင်ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။

စစ်ကောင်စီရဲ့အဆင်အခြင်မဲ့ လုပ်ရပ်တွေကြောင့် ပဋိပက္ခ အန္တရာယ်၊ဆင်းရဲမွဲတေမှုနဲ့ ကပ်ရောဂါတို့ကို စုပြုံ ခံစားနေရချိန်မှာ စီးပွားရေးလုပ်ငန်းတွေ၊ရင်းနှီးမြှုပ်နှံသူတွေနဲ့ လူထုအပေါ် ဒုက္ခအကျပ် အတည်း ထပ်မံဆိုက် ရောက်စေမယ့် ငွေစက္ကူအသစ်ရိုက်နှိပ်ထုတ်ဝေမှုဟာ လက်ခံနိုင်စရာ မရှိတဲ့ လုပ် ရပ်ဖြစ်တယ်လို့ NUG ကြား ကာလ ဗဟိုဘဏ်က ဝေဖန်ထားပါတယ်။

“သူတို့ကတော့ရိုက်မှာပဲ၊ဒီနှစ်သောင်းတန်ကနေ သွေးတိုးစမ်းလိုက်လို့ ထပ်ပြီးလိုအပ်လို့ရှိရင် ငါးသောင်းတန် လည်း သူတို့ရိုက်မှာပဲ၊ဒါကြောင့်မို့လို့ဒီလိုအခြေအနေမှာကတော့ ကျွန်တော်တို့အနေနဲ့က ပြည်သူအားလုံးက လည်း ဒီစစ်အာဏာရှင်အောက်မှာတော့ လူမွေးလူရောင်လည်းပြောင်စရာမရှိဘူး”လို့ NUG ကြားလ ဗဟိုဘဏ် ဥက္ကဌ ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ဒါကြောင့် တော်လှန်ရေးကိုထောက်ခံသူတွေအနေနဲ့ မူလကြွေးကြော်ချက်တွေအတိုင်းတော်လှန်ရေး အောင်မြင်ဖို့ အတွက် ဝိုင်းဝန်းကူညီကြဖို့လိုသလို စစ်ကောင်စီကို ထောက်ခံနေသူတွေအနေနဲ့လည်း အာဏာရှင်လက်အောက် ကဆိုးကျိုးတွေကို အတူတကွခံစားနေရတဲ့အခြေအနေမှာ ပြန်လည်စဉ်းစားချင့်ချိန်ဖို့လိုတယ်လို့ သူက တိုက်တွန်း ပါတယ်။