စစ်ကောင်စီထုတ်မယ့် နှစ်သောင်းတန် တရားမဝင်ငွေစက္ကူအဖြစ် NUG သတ်မှတ်

ဇူလိုင် ၊ ၂၇

အာဏာသိမ်းစစ်ကောင်စီက ထုတ်ဝေမယ်လို့ ဇူလိုင်လ ၂၃ ရက်က ကြေညာထားတဲ့ နှစ်သောင်းတန်ငွေစက္ကူကို အသိအမှတ်မပြုမှာမဟုတ်ကြောင်းနဲက တရားမဝင်ငွေစက္ကူအဖြစ်သတ်မှတ်တယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ထုတ်ပြန်ပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာခြင်းခံထားရတဲ့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က သြဂုတ်လ ၃၁ ရက်မှာစတင်ထုတ်ဝေမယ့်ငွေစက္ကူကို NUG နဲ့  နောက်ဆက်ခံမယ့်အစိုးရတွေက အသိအမှတ်ပြုမှာမဟုတ်တဲ့အကြောင်း NUGအစိုးရရဲ့ ကြားကာလဗဟိုဘဏ်ဥက္ကဌဦးတင်ထွန်းက ထုတ်ပြန်တာပါ။

စစ်ကောင်စီကတော့ နေပြည်တော်မှာတည်ထားတဲ့ မာရဝိဇယရုုပ်ပွားတော်ပြီးစီးတဲ့ အထိမ်းအမှတ်အပြင် ဆင်ဖြူတော်မွေးဖွားတာတနှစ်မြောက်အဖြစ် ထုတ်ဝေတာလို့ ဇူလိုင်လ ၂၃ ရက်က ကြေညာထားတာဖြစ်ပါတယ်။

နှစ်သောင်းတန်ငွေစက္ကူကို အကန့်အသတ်နဲ့သာထုတ်ဝေမှာဖြစ်ပြီး ဟောင်းနွမ်းငွေစက္ကူတွေနဲ့လဲလှယ်ဖို့ဖြစ်လို့ ငွေကြေးဖောင်းပွမှုမရှိနိုင်ကြောင်းနဲ့ လက်ရှိလည်ပတ်သုံးစွဲနေတဲ့ ငွေစက္ကူတွေကတော့ တရားဝင်ဆက်ရှိနေမှာဖြစ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီက ငွေစက္ကူသစ်ထုတ်ဝေမယ့်ကြေညာအပြီးမှာပဲ ရွှေစျေးက ၃၅သိန်းကျော်နဲ့ အမေရိကန်တဒေါ်လာကို ၃၃ဝဝကျော် အထိမြင့်တက်နေသလို ဆန်၊ဆီ၊ဆေးဝါး၊ စက်သုံးဆီအပြင် အခြေခံစားကုန်စျေးနှုန်းတွေမြင့်တက်လာနေပါတယ်။

ဒါ့အပြင် အာဏာသိမ်းအပြီး ကျဆင်းနေတဲ့ စီးပွားရေး၊ အခွန်အကောက်လျော့နည်းရရှိတာ၊ စစ်အသုံးစရိတ်မြင့်တက်နေတာ၊ လိုငွေပြမှုတွေများပြားနေတာတွေကို ကျားကန်ဖို့အတွက် ကြိုးစားမှုတရပ်လို့လည်းဝေဖန်မှုတွေလည်းရှိပါတယ်။

တရားမဝင်အာဏာသိမ်းစစ်ကောင်စီရဲ့ အဆင်ခြင်မဲ့ လုပ်ရပ်တွေကြောင့် အရင်မကြုံဖူးတဲ့ ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနဲ့ ကပ်ရောဂါစုပြုံခံစားနေရချိန်မှာ ရင်းနှီးမြှပ်နှံသူတွေနဲ့ လူထုအပေါ်ထပ်မံအကြပ်အတည်းတွေ့စေမယ့် လုပ်ရပ်ဖြစ်လို့ လက်ခံနိုင်ဖွယ်မရှိဘူးလို့NUG က ဆိုပါတယ်။

အဖက်ဖက်က အကျပ်အတည်းဆုုိုက်နေတဲ့ တရားမဝင်အာဏာသိမ်းစစ်ကောင်စီဟာ သူတို့သက်ဆိုးရှည်ဖို့နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေစဉ်ဆက်မပြတ်ကျူးလွန်နိုင်ဖို့လိုအပ်နေတဲ့ ဘဏ္ဍာငွေကို အခုလိုငွေစက္ကူသစ်ထုတ်ဝေပြီး အရေးပေါ်ဖြည့်တင်းနိုင်ဖို့အားထုတ်မှုအဖြစ်မှတ်ယူတယ်လို့ NUG က ဆိုပါတယ်။

ဒါ့အပြင် အခုလိုငွေစက္ကူသစ်ထုတ်ဝေတာဟာ တရားဝင်မှုမရှိကြောင်း၊ အကျိုးဆက်အဖြစ် ငွေကြေးဖောင်းပွမှုဖြစ်ပေါ်စေတာဟာ ပြည်သူလူထုရဲ့ လုပ်အားနဲ့ ချွေးနှဲစာစုဆောင်းငွေတွေကို တဖက်လှည့်ခိုးယူတာဖြစ်တယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ငွေစက္ကူနှစ်သောင်းတန်ထုတ်ဝေမယ့်ဆိုတဲ့သတင်းထွက်ပေါ်ခဲ့ပေမယ့် ကောလဟာလဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်စွဲနဲ့ ငြင်းဆိုခဲ့ဘူးပါတယ်။

Photo- စစ်ကောင်စီ မီဒီယာ