ဇူလိုင် ၊ ၂၇
အနောက်အာဖရိက နိုင်ငံတခုဖြစ်တဲ့ နိုက်ဂျားမှာ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်ကြောင်း နိုက်ဂျား စစ်တပ်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ရုပ်မြင်သံကြားကနေတဆင့် ဇူလိုင် ၂၆ ရက်မှာ နိုင်ငံကို ထုတ်လွှင့်တဲ့ မိန့်ခွန်းအတွင်း အာဏာသိမ်း စစ်တပ်ခေါင်းဆောင် အမာဒူ အက်ဘ်ဒရမ်မာနေက သူဟာ သမ္မတ မိုဟာမက် ဘာဇိုအွမ်ဆီကနေ အာဏာသိမ်းယူပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းကြောင်း ရုပ်မြင်သံကြားကနေတဆင့် ကြေညာသွားပါတယ်။
လုံခြုံရေး အခြေအနေ ဆိုးရွားလာမှု၊ စီးပွားရေးကျဆင်းမှုစတဲ့ နိုင်ငံရဲ့ ဘက်ပေါင်းစုံက ယိုယွင်းမှုတွေကြောင့် လက်ရှိ အစိုးရကို လုံခြုံရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ဖြုတ်ချခဲ့ကြောင်း အက်ဘ်ဒရာမာနေက ယူနီဖောင်းဝတ် စစ်အရာရှိ ၉ ဦး ခြံရံထားချိန်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အာဏာသိမ်းမှုကို ကြေညာပြီးတာနဲ့ နိုက်ဂျားစစ်တပ်ဟာ နယ်စပ်တွေကို ပိတ်ချလိုက်ပြီး တနိုင်ငံလုံးမှာ ည ၈ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်တွေ ထုတ်ပြန်ခဲ့သလို လုံခြုံရေး အစီအမံတွေ တင်းကျပ်ထားလိုက်ပါတယ်။
မြို့တော် နိုင်ယာမီမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြတဲ့ ပြည်သူတွေကို လူစုကွဲသွားအောင် စစ်သားတွေက သေနတ်ပစ်ဖောက် ခြောက်လှန့်သံတွေ ကြိုကြားကြိုကြား ကြားနေရပေမယ့် ယေဘုယျ အားဖြင့်တော့ တည်တည်ငြိမ်ငြိမ် ရှိနေဆဲလို့ ဆိုပါတယ်။ သေနတ်ပစ်ဖောက်တာတွေ ရှိနေတဲ့တိုင် ထိခိုက်သေဆုံးတဲ့ သတင်းတွေတော့ မကြားရသေးပါဘူး။ နိုင်ငံသား အများစုက အာဏာသိမ်းခံလိုက်ရတယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဇဝေဇဝါ ဖြစ်နေကြဆဲပါ။
နောက်ပြီး နိုင်ယာမီမှာ အာဏာသိမ်းစစ်တပ်နဲ့ သမ္မတ ဘာဇိုအွမ်ကို သစ္စာခံနေဆဲ လက်နက်ကိုင် အဖွဲ့အစည်းတွေကြား စစ်ရေး တင်းမာနေကြောင်း ကောလာဟလတွေ ထွက်ပေါ်နေပေမယ့် အတိအကျ အတည်မပြုနိုင်သေးပါဘူး။
နိုက်ဂျားစစ်တပ်က အစိုးရဟာ အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက် လှုပ်ရှားမှုတွေကို ထိထိရောက်ရောက် မဖြိုခွင်းနိုင်တဲ့အတွက် အာဏာသိမ်းလိုက်တာလို့ အကြောင်းပြထားပါတယ်။ အဲဒီလို သဘောတရား တူညီတဲ့ အကြောင်းပြချက်မျိုးနဲ့ပဲ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အိမ်နီးချင်း ဘာကီနာဖာဆိုနဲ့ မာလီတို့မှာလည်း စစ်တပ် အာဏာသိမ်းမှုတွေ ဖြစ်ခဲ့ပါတယ်။ နိုက်ဂျားမှာ လောလောဆယ် အယ်လ်ကိုင်ဒါနဲ့ အိုင်အက်စ်တို့ကို အသီးသီး သစ္စာခံတဲ့ စစ်သွေးကြွ အဖွဲ့တွေ လှုပ်ရှားနေပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ သမ္မတ ဘာဇိုအွမ်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ နိုက်ဂျားစစ်တပ်ကို တောင်းဆိုလိုက်ပါတယ်။ ဘာဇိုအွမ်ဟာ အမေရိကန်၊ ပြင်သစ်နဲ့ တခြားအနောက်နိုင်ငံတွေရဲ့ ဒေသတွင်း မဟာမိတ် တဦးလို့လည်း သတ်မှတ်ခံရပြီး အကြမ်းဖက်မှု နှိမ်နင်းရေး လုပ်ငန်းစဉ်တွေမှာ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် အက်ဘ်ဒရာမာနေကတော့ နိုက်ဂျားရဲ့ ပြည်တွင်းရေး ကိစ္စကို ပြည်ပနိုင်ငံတွေက ဖိအားပေး စွက်ဖက်တာတွေ လုံးဝမလုပ်ဖို့ သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။ တချိန်တည်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်ဇ်ကတော့ ဘာဇိုအွမ်ကို အစွမ်းကုန် ကူညီသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဘာဇိုအွမ်ဟာ သူ့ရဲ့ ကိုယ်ရံတော် တပ်တွေရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းကိုပဲ ခံထားရတာလို့ ယုံကြည်ရပါတယ်။
အနောက်အာဖရိက နိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Ecowas)က နိုက်ဂျားစစ်တပ်ရဲ့ အင်အားသုံး အာဏာသိမ်းပိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။ နိုက်ဂျားဟာ ၁၉၆၀ ပြည့်နှစ်မှာ ပြင်သစ် ကိုလိုနီ ဘဝကနေ လွတ်လပ်ရေး ရခဲ့တဲ့နောက် အာဏာသိမ်းမှု ၄ ကြိမ် ကြုံတွေ့ခဲ့ဖူးပြီး မအောင်မြင်တဲ့ နောက်ထပ် အာဏာသိမ်းဖို့ အားထုတ်မှု တော်တော်များများလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။