ဇူလိုင်၊ ၂၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာ ဇူလိုင်လ ၂၅ ရက် မနက်ပိုင်းက အိမ်စီးကားတစီး ပစ်ခတ်ခံရတာကြောင့် အမျိုးသားတဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
“ ကားက အိမ်စီးကားပဲ၊ နှစ်ယောက်ပဲပါတယ် ကားပေါ်မှာလေ၊ လမ်းပေါ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာ၊ ယာဉ်မောင်းတယောက်ပဲ ထိသွားတာ၊ ပုံမှန်မောင်းလာရင်းနဲ့ပဲ ပစ်ခံရတာ၊ အဲ့နားမှာတော့ တိုက်ပွဲမဖြစ်နေဘူး၊ အဲ့ချိန်ကလေ ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
ရန်ကုန်ကနေ မြိတ်ဘက်ကို မောင်းနှင်လာတဲ့ Probox အိမ်စီးကားတစီးကို ဇူလိုင်လ ၂၅ ရက် မနက် ၁၁ နာရီခန့်မှာ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာ လမ်းဆုံအနီး အရောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။
သေနတ်ပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦးကိုကိုနိုင် မှာ ပေါင်နဲ့ ခြေထောက်တွေမှာ ကျည်ဖောက်ထွင်းဒဏ်ရာ နှစ်ချက် ရရှိခဲ့ပြီး ယာဉ်ပေါ်ပါသူ ဒေါ်စန်း ဆိုတဲ့ အမျိုးသမီးကတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။
“ လှမ်းပစ်လိုက်တာပြောတယ်၊ ကားကို ရပ်စစ်လို့ မောင်းပြေးတာ မဟုတ်ဘူးတဲ့၊ ငါးချက်၊ ခြောက်ချက်လောက် ပစ်လိုက်တာလို့ ပြောတယ် ” လို့ အဲဒီ ဒေသခံက ပြောပါတယ်။
သေနတ်ဒဏ်ရာရရှိခဲ့တဲ့ ဦးကိုကိုနိုင်ကိုတော့ ဒေသတွင်းလူမူကူညီရေးအသင်း ကားတွေနဲ့ သထုံခရိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် ဒဏ်ရာအနည်းငယ်များတယ်လို့ ဆိုပါတယ်။
အဆိုပါအိမ်စီးကား ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်းမရှိပေမယ့် စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့ဘက်က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဝါဒဖြန့်ထားပါတယ်။
ဘီးလင်းမြို့နယ်၊ ခလောက်အင်း ကျေးရွာ ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဇူလိုင်လ ၂၅ ရက် ညနေပိုင်းမှာ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမယ့် အိမ်စီးကား ပစ်ခတ်တဲ့ ဖြစ်စဉ်မှာတော့ ပူးပေါင်းတပ်ဖွဲ့ဘက်နဲ့ လုံးဝပတ်သက်ဆက်နွယ်မှု မရှိဘူးလို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။
“ ညနေပိုင်းမှာပဲ သူတို့ စစ်ကြောင်းဝင်လာလို့ ပစ်ခတ်မှု အနည်းငယ်ဖြစ်သွားတာပဲ ရှိတယ်၊ ရှိမယ် သူတို့က ခြောက်ဆယ်လောက်၊ ခဏပါပဲ၊ ဒရုန်းတွေဘာတွေနဲ့လည်း ချတာတော့ ရှိတာပေါ့နော်။ အိမ်စီးကားပစ်ခတ်ခံရတာ ကျွန်တော်တို့ သိတောင် မသိဘူး ” လို့ ပြောပါတယ်။
သထုံခရိုင်အတွင်းရှိ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာ ခရီးသည်တင်ယာဉ်တွေ၊ အိမ်စီးကားတွေ၊ ကုန်တင်ယာဉ်တွေနဲ့ ဆိုင်ကယ်တွေ မကြာခဏပစ်ခတ်ခံရလေ့ရှိပြီး ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်တိုင်းမှာ အရပ်သားထိခိုက်တာ၊ သေဆုံးတာတွေလည်း ရှိနေပါတယ်။
အဲဒီပစ်ခတ်မှုတွေထဲမှာဆိုရင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က မှားယွင်းပစ်ခတ်ခဲ့တာလည်း ရှိသလို စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာလည်း ရှိပါတယ်။
ဓာတ်ပုံ – စစ်တပ်ထောက်ခံတယ်လီဂရမ်