သေဒဏ်စီရင်မှုတွေကို ပယ်ဖျက်ဖို့ ဂါနာ လွှတ်တော် အတည်ပြုဆုံးဖြတ်

ဇူလိုင်၊ ၂၆

သေဒဏ်ပေး ကွပ်မျက်မှုတွေကို စွန့်ပယ်ဖို့ ဂါနာ လွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

ဂါနာဟာ အာဖရိကတိုက်မှာ သေဒဏ်ပေး ကွပ်မျက်တဲ့ တရားစီရင်မှုတွေကို ဆက်လက် လက်ကိုင်ပြုထားတဲ့ နိုင်ငံတွေထဲမှာ အပါအဝင် ဖြစ်ခဲ့ပါတယ်။ ဇူလိုင် ၂၅ ရက်မှာတော့ လွှတ်တော်က ပြည်တွင်းမှာ သေဒဏ် သတ်မှတ်ချက်ကို လုံးဝ ပယ်ဖျက်သင့်ပြီ မဲပေး ဆုံးဖြတ်ခဲ့ကြပါတယ်။ 

တကယ်တော့ ဂါနာနိုင်ငံမှာ သေဒဏ် ချမှတ်မှုတွေ ရှိပေမယ့် လက်တွေ့ မကွပ်မျက်တော့တာဟာ ၁၉၉၃ ခုနှစ် ကတည်းက ဖြစ်ပါတယ်။ အခုတော့ ပြည်တွင်းမှာ သေဒဏ် ချမှတ်ခံထားရတဲ့ အမျိုးသား ၁၇၀ နဲ့ အမျိုးသမီး ၆ ဦးဟာ တသက်တကျွန်း ပြစ်ဒဏ်တွေကို တရားဝင် ပြောင်းလဲ ခံယူရတော့မှာပါ။

လူထုအမြင် စစ်တမ်းတွေ အရလည်း ဂါနာနိုင်ငံသား အများစုက သေဒဏ်သတ်မှတ်ချက်ကို အပြီးတိုင် ပယ်ဖျက်ဖို့ လိုလား ထောက်ခံခဲ့ကြကြောင်း သိရပါတယ်။

ဂါနာ လွှတ်တော်အမတ် ဖရန်ဆစ် ဇေဗီးယား ဆိုဆူက လန်ဒန် အခြေစိုက် Death Penalty Project (DPP)နဲ့ ပူးပေါင်း ဆောင်ရွက်ပြီး သေဒဏ် ပယ်ဖျက်ရေး အဆိုကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဥပဒေနဲ့ လွှတ်တော်ရေးရာ ကော်မတီဆီ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အာဖရိကနိုင်ငံ အတော်များများဟာ သေဒဏ်စီရင်မှုတွေကို တရားဝင် ပယ်ဖျက်ဖို့ အသီးသီး ဆုံးဖြတ်ခဲ့ပါတယ်။ ဂါနာကတော့ သေဒဏ်ကို ပယ်ဖျက်တဲ့ ၂၉ ခုမြောက် အာဖရိကနိုင်ငံ၊ ၁၂၄ ခုမြောက် ကမ္ဘာ့နိုင်ငံ ဖြစ်လာပါတယ်။

အာဖရိက နိုင်ငံတွေဖြစ်တဲ့ ဘီနင်၊ ဗဟိုအာဖရိက၊ ချတ်ဒ်၊ ဂီနီရာ၊ ဆီရာလီယွန်နီနဲ့ ဇမ်ဘီယာတို့ဟာလည်း ပြီးခဲ့တဲ့ နှစ်တွေမှာ သေဒဏ် သတ်မှတ်ချက်တွေကို အသီးသီး ပယ်ဖျက်ခဲ့ကြပြီး ဖြစ်ပါတယ်။

 

Ref: BBC