ဆောက်သမ်တန် တက်သစ်စ ကွင်းလယ်ကစားသမားလေး လာဗီရာအတွက် လီဗာပူးရဲ့ ကမ်းလှမ်းမှု ပယ်ချခံရ

ဇူလိုင်၊ ၂၆

လီဗာပူး အသင်းဟာ ဆောက်သမ်တန် လူငယ်ခြေတက် ကွင်းလယ် ကစားသမားလေး ရိုမီရို လာဗီရာကို ချဉ်းကပ် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံလိုက်ရပါတယ်။

ဗြိတိန် မီဒီယာတွေရဲ့ အဆိုအရ ကွင်းလယ် ကစားသမားသစ်တွေ ရှာဖွေနေတဲ့ လီဗာပူးဟာ အသက် ၁၉ နှစ်အရွယ် ဘယ်ဂျီယမ် လက်ရွေးစင်အတွက် စတာလင်ပေါင် ၃၇ သန်းတန် ပြောင်းရွှေ့ကြေး တရပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဆောက်သမ်တန်က ချက်ချင်း ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ 

လာဗီရာဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ၂၉ ပွဲထိ ပါဝင် ကစားခွင့် ရခဲ့ပြီး အတောက်ပဆုံး လူငယ်သွေးသစ်လေး တဦးအဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။ ဆောက်သမ်တန်ဟာ လာဗီရာအတွက် ကမ်းလှမ်းမှုတွေကို နားစွင့်နေပေမယ့် သတ်မှတ်စျေး စတာလင်ပေါင် သန်း ၅၀ နီးပါးထိ မရမချင်း လက်လွှတ်မယ့် အလားအလာ မရှိပါဘူး။

လီဗာပူးဟာ အခုနွေရာသီမှာ ကွင်းလယ် ကစားသမားတွေဖြစ်တဲ့ ဂျိမ်းစ်မီလ်နာ၊ နာဘီကီတာ၊ အဲလက်စ် အော့စ်လိတ်ဒ် ချမ်ဘာလိန်တို့ကို လက်လွှတ် ဆုံးရှုံးခဲ့ရပြီး ဂျော်ဒန် ဟန်ဒါဆန်နဲ့ ဖေဘင်ဟိုတို့ကလည်း ဆော်ဒီအာရေးဘီးယား ကလပ်အသင်းတွေနဲ့ ချိတ်ဆက်နေပါတယ်။ လောလောဆယ် လီဗာပူးဟာ ကွင်းလယ် ကစားသမားတွေဖြစ်တဲ့ အလက်ဆစ် မက်အယ်လစ္စတာနဲ့ ဒေါမနစ် ဆက်ဇိုဘော့ဇ်လိုင်တို့ကို ခေါ်ယူထားပေမယ့် နှစ်ဦးစလုံးက တိုက်စစ် အားသန်ကြတာကြောင့် လာဗီရာလို ကစားသမားမျိုးကိုလည်း လိုအပ်နေပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက လာဗီရာဟာ ဆောက်သမ်တန်မှာ မာမာထန်ထန်နဲ့ ခံစစ်အသားပေး ပုံစံမျိုး ကျွမ်းကျွမ်းကျင်ကျင် ကစားပြခဲ့ပါတယ်။

လာဗီရာကို လီဗာပူးအပြင် ချဲလ်ဆီးနဲ့ အာဆင်နယ် အသင်းတွေကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း သိရပါတယ်။

 

Ref: BBC