မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး အီလန်ဂါကို နော်တင်ဟမ် ဖောရက်စ် ခေါ်ယူ

ဇူလိုင်၊ ၂၆

နော်တင်ဟမ် ဖောရက်စ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် လူငယ်တိုက်စစ်သမား အန်သိုနီ အီလန်ဂါကို စာချုပ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 အသက် ၂၁ နှစ်သာ ရှိသေးတဲ့ ဆွီဒင် လက်ရွေးစင်ဟာ ဖောရက်စ်ဆီ စတာလင်ပေါင် ၁၅ သန်းတန် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့ပြီး ၅ နှစ်သက်တမ်း စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ အီလန်ဂါဟာ အသက် ၁၂ နှစ် အရွယ်ကတည်းက ယူနိုက်တက်ကို ရောက်ရှိနေခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ ပထမအသင်း လူစာရင်းမှာ စတင် ပါဝင်ခွင့် ရလာခဲ့ပါတယ်။

သူဟာ အသင်းအတွက် ၅၅ ပွဲထိ ကစားခွင့် ရခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ မန်နေဂျာ အဲရစ်တန်ဟက်ဂ်ရဲ့ အာရုံစိုက်မှုကို သိပ်ပြီး မရတော့ပါဘူး။ အဲဒီနောက် ဖောရက်စ်က အီလန်ဂါကို စိတ်ဝင်တစား စတင် ချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။

သူ့ကို လေးလေးနက်နက် ကမ်းလှမ်းခဲ့တဲ့ ဖောရက်စ်ဆီ ပြောင်းရွှေ့ခွင့် ရခဲ့တဲ့အတွက် ပျော်ရွှင်မိကြောင်း၊ မိသားစုကလည်း ဂုဏ်ယူနေကြောင်း အီလန်ဂါက ဆိုပါတယ်။ ဒီအပြောင်းအရွှေ့ဟာ သူ့ကစားသမား ဘဝအတွက် ကြီးမားတဲ့ ခြေလှမ်းသစ် တခုအဖြစ် ခံယူထားပြီး အသင်းနဲ့အတူ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ တက်ကြွနေမိကြောင်းလည်း အီလန်ဂါက ဆက်ပြောပါတယ်။

အီလန်ဂါဟာ မူလက ယူနိုက်တက်ရဲ့ ရာသီကြို လေ့ကျင့်ရေး ခရီးစဉ်အဖြစ် အမေရိကန်ကို လိုက်ပါလာခဲ့ပေမယ့် အင်္ဂလန်ကို ပြန်သွားပြီး အပြောင်းအရွှေ့ကိစ္စ အပြီးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဖောရက်စ်ဟာ အခုနွေရာသီမှာ နောက်ခံလူ အိုလာ အိုင်နာကို ခေါ်ယူထားပြီးနောက်ပိုင်း ဒုတိယမြောက် ကစားသမားသစ် အနေနဲ့ အီလန်ဂါကို စာချုပ်ခဲ့တာပါ။

သတင်းတွေအရ ဖောရက်စ်ဟာ ပြီးခဲ့တဲ့ ရာသီက အသင်းမှာ အငှားလာရောက် ကစားခဲ့တဲ့ ယူနိုက်တက် ဂိုးသမား ဒင်းန်ဟန်ဒါဆန်ကို အပြီးသတ် ဝယ်ယူနိုင်ရေး အတွက်လည်း ဆက်လက် ဆွေးနွေးနေကြောင်း သိရပါတယ်။

 

Ref: BBC