ကန့်ဘလူမှာ စီဒီအမ်လုပ်တဲ့ စစ်ကောင်စီတပ်သား နှစ်ဦးကို လွတ်မြောက်နယ်မြေ ပို့ဆောင်ပေးခဲ့

ဇူလိုင်၊ ၂၆
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီလက်အောက်ခံ ခမရ (၃၆၃) က တပ်သား နှစ်ဦး ဒေသကာကွယ်ရေးအဖွဲ့တွေထံ အလင်းဝင်လာတယ်လို့ ကန့်ဘလူ PDF တပ်ရင်း (၂) က တာဝန်ရှိသူတဦးက DNA ကိုအတည်ပြုပြောဆိုပါတယ်။
 
“ သူတို့ဘာသာ လိုလိုချင်ချင်နဲ့ ဝင်လာတာပေါ့။ ကလေးတွေက ငယ်သေးတယ်။ အသက်ကလေးတွေက ၁၈ ၊ ၁၉ အရွယ်လေးတွေပေါ့။ တပ်သားသစ် စုဆောင်းရင်း တပ်ထဲပါလာတဲ့သူတွေလည်း ပါသလို ရန်ဖြစ်စကားများရင်း ဗိုလ်မှူးတွေနဲ့တွေ့တော့ မင်းတို့ထောင်ကျမှာ တပ်ထဲဝင်ဆိုတော့ ဝင်လာရတဲ့သူတွေလည်း ပါတယ် ” လို့ သူကပြောပါတယ်။
 
ဒီလ ၂၂ ရက်နေ့မှာ ကလေးမြို့အခြေစိုက် ခမရ (၃၆၃) တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးဟာ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးဖို့ ရောက်ရှိနေစဉ် အခုလို စစ်ကောင်စီတပ်ကို စွန့်ခွာလာတာဖြစ်တယ်လို့ ဆိုပါတယ်။
 
လက်ရှိမှာ ကန့်ဘလူတပ်ရင်း (၂) မှာ ခမရ (၃၆၃) ကနေ စစ်တပ်ကို စွန့်ခွာလာသူ မေလမှာ နှစ်ဦး၊ ဇွန်လမှာ တဦးနဲ့ အခုလ နှစ်ဦး စုစုပေါင်း ငါးဦး ရှိလာခဲ့ပြီး အားလုံးကို လွတ်မြောက်နယ်မြေ ပို့ဆောင်ပြီးဖြစ်တယ်လို့ သိရပါတယ်။
 
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးစလုံးဟာ မြန်မာနိုင်ငံအောက်ပိုင်းရှိ တိုင်းဒေသကြီး တချို့မှ လူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။
 
စီဒီအမ် ပြုလုပ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကောင်စီတပ်က နောက်ကနေ လိုက်လံပြီး ပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တဲ့အတွက် လက်နက်တွေ ယူဆောင်လာနိုင်ခြင်း မရှိဘူးလို့လည်း သူကဆက်ပြောပါတယ်။
 
“ လက်နက်တွေ ပါလာရင် သူတို့ကို လိုက်သတ်မှာစိုးတော့ ကလေးတွေက မယူရဲဘူးပေါ့။ ကျနော်တို့ကလည်း ရှင်းပြတယ်လေ။ လက်နက်ပါလာရင် ဘယ်လိုဆုငွေတွေ ချီးမြှင့်ပေးတယ်ဆိုတာမျိုးပေါ့။ ဒါပေမယ့် သူတို့ လမ်းမှာထွက်လာရင်း နောက်ကလိုက်ဖမ်းတာတွေရှိတော့ လက်ပစ်ဗုံးတွေ၊ အိနာဂါတွေကစ ပစ်ထားခဲ့ပြီး ထွက်ပြေးခဲ့ရတာတွေ ရှိတယ်။ လောလောဆည်တော့ ကျည်အတောင့် နှစ်ရာပဲ ယူလာနိုင်တာရှိတယ် ” လို့ သူကဖြည့်စွက်ပြောပါတယ်။
 
စီဒီအမ်ပြုလုပ်လာသူတွေကို ကန့်ဘလူတပ်ရင်း (၂) က စောင့်ရှောက်ထားစဉ်ကာလအတွင်း သုံးစွဲရန် ငွေကြေးထောက်ပံ့ပေးမှုရှိသလို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူကယ်ပြန် ဝန်ကြီးဌာနသို့ အပ်နှံပေးစဉ် ဌာနကလည်း ဆုငွေချီမြင့်ပေးတာတွေ ရှိတယ်လို့ သူကဆိုပါတယ်။
 
ဒါပေမယ့် စီဒီအမ်စစ်သားတွေ၊ ရဲတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရင်ခွင် အဖွဲ့ကတော့ ဆုငွေချီးမြှင့်တာရှိပေမယ့် ဘယ်လောက်ဆိုတာ သေချာမသိဘူးလို့လည်း ပြောပါတယ်။
 
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရက ဘယ်သူမဆို စစ်ကောင်စီကို စွန့်ခွာပြီး စစ်လေယာဉ်နဲ့ ဝင်လာရင် ကျပ်သိန်းတသောင်း၊ စစ်လေယာဉ်နဲ့ စစ်သင်္ဘော ဖျက်ဆီးနိုင်ရင် ကျပ်သိန်းခြောက်ထောင်နဲ့ တင့်ကား၊ သံချပ်ကာကား ဖျက်စီးနိုင်ရင် ဒါမှမဟုတ် ယူလာနိုင်ရင် ကျပ်သိန်း နှစ်ထောင် ချီးမြင့်မယ်လို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလက ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် လက်နက်နဲ့တကွ စစ်ကောင်စီတပ်ကို စွန့်ခွာလာသူတွကိုလည်း ပျှမ်းမျှငွေ ကျပ်သိန်းငါးဆယ်ဝန်းကျင် ဆုကြေးအဖြစ် ပေးနေတာကိုလည်း တွေ့ရပါတယ်။
 
စစ်ကောင်စီကတော့ သူတို့လက်အောက်ရှိ တပ်သားတွေ ထွက်မပြေးနိုင်ရန်အတွက် မှတ်ပုံတင်တွေကို သိမ်းဆည်းထားသလို ထွက်ပြေးရင် မိသားစုဝင်တွေကို အန္တရာယ်ပြုမယ်လို့ ခြိမ်ခြောက်ထားလေ့ရှိတယ်လို့ သိရပါတယ်။
 
လက်ရှိ နိုင်ငံတဝန်းမှာ စီဒီအမ်အရေအတွက် သုံးသိန်းကျော် လောက်ရှိမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဖက်က ထုတ်ဖော်ပြောဆိုထားပြီး အဲဒီထဲမှာ စစ်ကောင်စီတပ်က စစ်သား ၃,၂၃၆ ဦး နဲ့ ရဲတပ်ဖွဲ့ဝင် ၁၂,၃၂၇ ဦး စုစုပေါင်း ၁၅,၅၆၃ ဦး ရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Social Media (ပုံဟောင်း)