မြန်မာ ကျောင်းသူကျောင်းသား တရာကျော်ကို နေရပ်ပြန်ပို့ခဲ့တဲ့ ထိုင်းအစိုးရ တရားစွဲခံရ

ဇူလိုင်၊ ၂၅

မြန်မာ ကျောင်းသူကျောင်းသား ကလေးငယ် ၁၀၀ ကျော်ကို အတင်းအကျပ် နေရပ် ပြန်ပို့စေခဲ့တဲ့ ထိုင်းအစိုးရကို ထိုင်းရဲ့ ကလေးသူငယ်​ စောင့်ရှောက်ရေး အဖွဲ့အစည်း တခုက တရားစွဲဆိုလိုက်ပါတယ်။

 ကလေးအခွင့်အရေး ကာကွယ်ရေးကောင်စီ (CRPC)က ထိုင်းနိုင်ငံ၊ အန်ထောင်ခရိုင်မှာ ပညာသင်ကြားနေတဲ့ ကလေးငယ် ၁၂၆ ဦးကို မြန်မာနိုင်ငံ ပြန်ပို့တဲ့ ထိုင်းအစိုးရ ဆုံးဖြတ်ချက်ကို ကန့်ကွက်ပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ အဲဒီ ကလေးငယ်တွေဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်း မြန်မာလုပ်သားတွေရဲ့ သားသမီးတွေပါ။

 ပါမော့ခ်မြို့က သိုင်ရတ် ဝစ်တရာ အမှတ် ၆ စာသင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကလေး ၁၂၆ ဦးအနက် မိဘတွေက လာရောက် မခေါ်ဆောင်သေးတဲ့ ၅ ယောက်ကလွဲရင် ၁၂၁ ဦးကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဆီ ပြန်လည် ပို့ဆောင်လိုက်ပြီး ဖြစ်ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

 CRPCရဲ့ ဥက္ကဋ္ဌဖြစ်သူ ဝီချိန် ချူဘ်ထိုင်ဆောင်က စာသင်နှစ်လယ်မှာ ကလေးတွေကို မြန်မာနိုင်ငံဆီ အတင်းအကျပ် ပြန်ပို့တဲ့ ထိုင်းအစိုးရရဲ့ လုပ်ရပ်ဟာ ပညာသင်ကြားခွင့်ဆိုင်ရာ လူ့အခွင့်အရေးတွေကို ချိုးဖောက်ရာရောက်ပြီး ကျင့်ဝတ်လည်း ကင်းမဲ့လွန်းတယ်လို့​ ဝေဖန်ခဲ့ပါတယ်။ CRPCဟာ အခုအခါမှာ ကျောင်းရဲ့ အမှုဆောင် ၅ ဦးကိုပါ ကလေးတွေကို နေရပ် အတင်းပြန်ပို့ဖို့ ခွင့်ပြုပေးခဲ့တဲ့အပေါ် တရားစွဲဖို့ စီစဉ်နေပါတယ်။

 ကျောင်းအကြီးအကဲ ကန်လာယာ သာဆမ်ကတော့ သူ့ရဲ့ကျောင်းဟာ ထိုင်းပညာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း တိတိကျကျ လိုက်နာခဲ့ရုံသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ သူက CRPCရဲ့ လွန်ကဲတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ အံ့ဩ တုန်လှုပ်မိတယ်လို့လည်း ပြောပါတယ်။ ပြီးတော့ သူဟာ တာဝန်က ရပ်နားခံထားရပြီး ကျောင်းထဲကိုတောင် ဝင်ခွင့်မရတာကြောင့် ကလေးတွေကို နေရပ်ပြန်ဖို့ ခွင့်ပြုပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်က အခြေအမြစ် လုံးဝမရှိဘူးလို့လည်း ဖြေရှင်းထားပါတယ်။

 ချင်းမိုင် တက္ကသိုလ်ရဲ့ ဥပဒေရေးရာဌာန ဒုတိယ အကြီးအကဲဖြစ်သူ လက်ထောက် ပါမောက္ခ ဒါရူနီ ပိုင်ဆန်ပါနစ်ချ်ကူလ်က လူနည်းစု တိုင်းရင်းသား မျိုးနွယ်စုဝင် ကလေးငယ်တွေကို မြန်မာ ကလေးငယ်တွေကို အတင်းအကျပ် ပြန်ပို့တာဟာ မသင့်တော်သလို လိုလည်း မလိုအပ်ဘူးလို့ ဝေဖန်ပါတယ်။ ထိုင်းနိုင်ငံက စည်းမျဉ်းတွေအရ နိုင်ငံမဲ့ ကလေးငယ်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးတွေဟာ ထိုင်းနိုင်ငံမှာ ပညာသင်ကြားပိုင်ခွင့် ပြည့်ပြည့်ဝဝ ရှိနေကြောင်း သူက ထောက်ပြပါတယ်။

 လုပ်ထုံးလုပ်နည်းတွေအရ ဒေသဆိုင်ရာ စီမံအုပ်ချုပ်ရေး ဌာနဟာ နိုင်ငံမဲ့ ကလေးငယ်တွေကို ပညာသင်ကြားခွင့် ရစေမယ့် အသိအမှတ်ပြု ကတ်တွေ မဖြစ်မနေ ထုတ်ပေးခဲ့သင့်တယ်လို့လည်း ဒါရူနီက ပြောပါတယ်။ ကလေးတွေကို မြန်မာနိုင်ငံ ပြန်မပို့ခင် ကတည်းက လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ဥပဒေ ပညာရှင်တွေက ကန့်ကွက်နေခဲ့ကြပေမယ့် အခုကိစ္စ လက်တွေ့ ပေါ်ပေါက်လာတာလို့လည်း သိရပါတယ်။