မူဆယ်မြို့ မိုင်းဆတ်ရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ကြား စစ်ရေးတင်းမာနေဆဲ

ဇူလိုင်၊ ၂၅
 
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှာ အာဏာသိမ်း စစ်ကောင်စီတပ်၊ ပြည်သူစစ်တွေနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တိို့ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလျက်ရှိရာ လက်ရှိမှာ အဲဒီကျေးရွာအနီးနားမှာ နှစ်ဖက် စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ လက်ရှိကတော့ အဲနားမှာ စစ်ရေးတင်းမာနေဆဲပဲ။ စကစဖက်ကကော ပြည်သူစစ်တွေကော အဲတကြောမှာ စစ်ကြောင်းထိုးနေတယ်။ စစ်တပ်ကလည်း ရွာရဲ့ စာသင်ကျောင်းနားမှာ ရှိနေတယ်။ TNLA ဖက်ကလည်း ရွာအထက်နားလေးမှာပဲ ရှိနေတယ်။ နှစ်ဖက်ခြေနေကြည့်နေတဲ့ သဘောမျိုးပေါ့။ ထပ်ဖြစ်လာမယ့် အနေအထားလည်း ရှိတယ်။ တိုက်ပွဲဖြစ်တာက ရွာအနောက်ဖက်နားလေးမှာ ဖြစ်တာပေါ့ ” လို့ တအာင်းလူငယ်တဦးက ပြောပါတယ်။
 
ဒီကနေ့မှာတော့ နှစ်ဖက်တိုက်ပွဲတွေ မဖြစ်သေးပေမယ့် စစ်ကောင်စီတပ်နဲ့ TNLA အဖွဲ့တွေက မိုင်းဆက်ရွာရဲ့ အထက်နဲ့ အောက်ပိုင်းမှာ အသီးသီးနေရာယူထားကြသလို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းတာတွေ လုပ်နေတဲ့အတွက် စစ်ပွဲတွေ ပြန်ဖြစ်လာနိုင်သေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု မိုင်းဆတ်ရွာအနီးမှာ ဒီလ ၂၃ ရက် ညနေပိုင်းလောက်မှာ စတင်ပြီး စစ်ကောင်စီတပ်၊ နမ့်ခမ်းမြို့မ ပြည်သူ့စစ်အဖွဲ့နဲ့ TNLA တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
 
အဲဒီတိုက်ပွဲတွေကြောင့် မိုင်းဆတ်ရွာက ဒေသခံတွေကဟာ ကျေးရွာဘုန်းကြီးကျောင်းမှာ စုပေါင်းပြီး ပြောင်းရွှေ့နေထိုင်ကြသလို ရွာထဲကို မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
 
“ လောလောဆယ်တော့ ရွာကလူတွေတော့ တချို့ အသက်ကြီးပိုင်းနဲ့ ကလေးတွေက ဘုန်းကြီးကျောင်းမှာ ရှိနေကြတယ်။ စားဖို့ သောက်ဖို့လုပ်နိုင်တဲ့သူတွေကျတော့ အိမ်မှာ ထမင်းချက် ပြီးရင် ဘုန်းကြီးကျောင်းယူသွား အဲလိုမျိုးပဲ ကြောက်ကြောက်နဲ့ နေရတဲ့ အခြေအနေတော့ ရှိပါတယ် ” လို့ တအာင်းအမျိုးသားတဦးက ပြောပါတယ်။
 
မူဆယ်-နမ့်ခမ်း လမ်းမပေါ်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စစ်ဆေးရေး လုပ်နေတဲ့ တအာင်းအမျိုးသားတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကြောင်းထိုးလာခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။
 
“ သူတို့ ပစ်တာ ဒီလ ၂၃ ပေါ့နော် ။၄ နာရီခွဲကနေ ၅ နာရီခွဲအထိပေါ့နော်။ တိုက်ပွဲက တော်တော်တော့ ပြင်းထန်တယ်။ TNLA က လမ်းမပေါ်မှာ မူးယစ်ဆေးဝါးစစ်နေတဲ့ အချိန်မှာ အဝေးက လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ အဲမှာ နည်းနည်းနောက်ဆုတ်လိုက်တော့ ဟိုကောင်တွေ တခါတည်း စစ်ကြောင်းထိုးလိုက်လို့ ဖြစ်သွားတာပါ။ အဲဒီနောက် ရွာကလူတွေကတော့ ထွက်ပြေးတာပေါ့။ စစ်ပွဲဖြစ်ပြီးနောက်တော့ စကစဖက်ကော ပြည်သူစစ်တွေဖက်ကကော လက်နက်ကြီးတွေ တော်တော်လေး ရွာအတွင်းပစ်လာတာ ရှိပါတယ် ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် တအာင်း လူငယ်တဦးက ပြောပါတယ်။
 
မိုင်းဆတ်ရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ဝင်ကူတိုက်ပေးတဲ့ နမ့်ခမ်းမြို့မ ပြည်သူ့စစ်အဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် မူဆယ်မြို့ ပြည်သူဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
အဲဒီဒဏ်ရာရရှိသူ သုံးဦးမှာ စစ်ကောင်စီတပ်သားတွေလည်း ပါဝင်ပြီး TNLA ဘက်ကတော့ ထိခိုက်ဒဏ်ရရှိမှု မရှိဘူးလို့လည်း ဒေသခံတွေက ပြောကြပေမယ့် DNA သတင်းဌာနက သီးခြားအတည်မပြုနိုင်ပါဘူး။
 
ဒါ့အပြင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားပြီးနောက် ပိုင်းကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက်ကြောင့် ဒေသခံတွေက ရွာထဲမှာမနေရဲဘဲ စစ်ရှောင်နေကြရသလို လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် မိုင်းဆတ်ရွာအတွင်းက နေအိမ်တချို့လည်း ပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
TNLA ရဲ့ သတင်းပြန်ကြားရေးကတော့ လက်ရှိမှာ မိုင်းဆတ်ရွာအနီးကို စစ်ကောင်စီတပ်က လူအင်အားဖြည့်တင်းထားတဲ့တွက် စစ်ရေးတင်းမာနေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
အခုတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာအနီးနားမှာ အာဏာမသိမ်းခင်ကလည်း စစ်ကောင်စီတပ်နဲ့ TNLA အဖွဲ့တွေ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာ ရှိသလို အာဏာသိမ်းပြီးနောက် အခုတချိန် ထပ်မံပြီး တိုက်ပွဲတွေ ဖြစ်နေတာလို့ ဒေသခံတွေက ဆိုကြပါတယ်။
 
DNA က တိုက်ပွဲအခြေအနေတွေနဲ့ ပက်သက်ပြီး TNLA ကို ဆက်သွယ်ထားပေမယ့် ဆက်သွယ်မရသေးပါဘူး။
 
အခုတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မူဆယ်- နမ်ခမ်း လမ်းမကြီးပေါ်မှာရှိ မိုင်းဆတ်ရွာအနီးမှာ မြောက်ပိုင်းညီနောင်အဖွဲ့လိုခေါ်တဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ၊ တအာင်းအမျိုးသားတပ်မတော် TNLA၊ ရှမ်းပြည်တပ်မတော် SSPP အဖွဲ့တွေ လှုပ်ရှားမှုရှိသလို စစ်ကောင်စီတပ်ကလည်း ပြည်သူစစ်တွေနဲ့ ပေါင်းပြီး သွားလာလှုပ်ရှားတာတွေလည်း ရှိတက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
ဇူလိုင်လအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ မိုင်းငေါ့မြို့နယ်မှာ တကြိမ်၊ ကွတ်ခိုင်မြို့နယ်မှာတကြိမ်၊ မူဆယ်မြို့နယ်မှာနှစ်ကြိမ် စုစုပေါင်း တိုက်ပွဲလေး ကြိမ်ဖြစ်ပွါးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – TNLA