မူးယစ်ဆေး ၊လက်နက်တွေနဲ့ ဖမ်းမိတဲ့ မှုခင်းသတင်းထောက်အပါအဝင် သုံးဦးကို လောင်းလုံး PDF က ကြိမ်ဒဏ်ပေး

ဇူလိုင်၊ ၂၅

 
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကထိန်ကြီးရွာနဲ့ ဂေါ့အင်းရွာမှာ ဇူလိုင် ၂၁ ရက်ညပိုင်းက မှုခင်းသတင်း ထောက်တဦးအပါအဝင် အမျိုးသားသုံးဦးကို မူးယစ်ဆေး၊ လက်နက်တွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက DNA ကို ပြောပါတယ်။
 
” ဝင်ဖမ်းတာကတော့ နှစ်အိမ်ပါ၊ အဲမှာ မူးယစ်ဆေးရောင်းတယ်ဆိုတဲ့ သတင်းပေးလာတာတွေ ရှိလို့ ကျွန်တော်တို့ ဝင်ဖမ်းတာ၊ သူတို့က သုံးလည်း သုံးတယ်၊ ရောင်းလည်း ရောင်းတယ်၊ ထပ်မလုပ်ဖို့တော့ သေချာသတိပေးခဲ့တယ်၊ သူတို့လက်မှတ်ထိုးထားတဲ့ ခံဝန်ကတိစာရွက်တွေကိုလည်း ကျွန်တော်တို့ သေချာသိမ်းထားတယ် ” လို့ သူကပြောပါတယ်။
 
ဖမ်းမိသူ သုံးဦးစလုံးကိုတော့ နောက်ထပ်မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတာ မလုပ်ဖို့ ခံဝန်ကတိ ရေးထိုးစေကာ ကြိမ်ဒဏ် ခုနစ်ချက်စီ ပေးပြီး ပြန်လွှတ်လိုက်တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
ဖမ်းဆီးရမိသူတွေထဲပါတဲ့ မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်းဝင် အထူးသတင်းထောက်ဆိုသူ အမျိုးသားဟာ မူးယစ်ဆေးဝါးဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ နေပြည်တော်အခြေစိုက် ပြည်သူ့မဏ္ဍိုင်အသင်းရဲ့ အဖွဲ့ဝင်တဦး ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဖမ်းမိသူတွေဆီက WY စိတ်ကြွဆေးပြား ၃၇၅ ပြား၊ ပစ္စတိုလေသေနတ်တလက်နဲ့ လက်လုပ်သေနတ် တလက်၊ ဓားရှည် သုံးချောင်း၊ ဓားမြှောင် လေးချောင်းနဲ့ သုံးဆင့် လက်ရိုက်တုတ် တချောင်းကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် သူတို့ဆီကနေ ငွေကျပ်နှစ်သိန်းရှစ်သောင်းကျော်ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး အဲဒီငွေတွေကိုတော့ စစ်ဘေးရှောင်တွေအတွက် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
 
လောင်းလုံးမြို့နယ်အတွင်းမှာ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲတာတွေ မလုပ်ဖို့ အကြိမ်ကြိမ် မေတ္တာရပ်ခံ သတိပေးထားပြီး ဖြစ်တာကြောင့် နောက်ထပ်မလိုက်နာတဲ့ သူတွေရှိလာရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့လည်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်ကလည်း လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာအနီးမှာ WY စိတ်ကြွဆေးပြား ရောင်းဝယ် သုံးစွဲနေတဲ့ အဖွဲ့တဖွဲ့နဲ့ PDF တပ်ဖွဲ့ဝင်တွေ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – LLPDF