ဘိုင်ယန်ကွင်းလယ်လူ ဆာဘစ်ဇာ ဒေါ့တ်မန် အသင်းဆီ ပြောင်းရွှေ့

ဇူလိုင်၊ ၂၅

ဘိုင်ယန်မြူးနစ် ကွင်းလယ်ကစားသမား မာဆယ်လ် ဆာဘစ်ဇာဟာ အခုအခါမှာတော့ ပြည်တွင်းပြိုင်ဘက် ဘိုရပ်ရှားဒေါ့တ်မန် အသင်းဆီ ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ဩစတြီးယား လက်ရွေးစင်ဟာ ဒေါ့တ်မန်နဲ့ ၂၀၂၇ ခုနှစ်ထိ သက်တမ်းရှိမယ့် ၄ နှစ်စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဒေါ့တ်မန်ဟာ အင်္ဂလန် ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်ကို ရီးရဲလ်မက်ဒရစ် အသင်းဆီ ရောင်းထုတ်ခဲ့တဲ့နောက် ဆာဘစ်ဇာနဲ့ ပြန်လည် အစားထိုးခဲ့တာပါ။

ဆာဘစ်ဇာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရာသီဝက် အငှားလာရောက် ကစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အင်္ဂလန် ထိပ်တန်းကလပ်က ရာသီကုန်မှာ သူ့ကို အပြီးသတ် မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူ့အနေနဲ့ ဒေါ့တ်မန် အသင်းရဲ့ ဂျာစီကို ဝတ်ဆင်ပြီး အသင်းအတွက် ပါဝင်ကစားပေးဖို့ မစောင့်နိုင်လောက်အောင် ဖြစ်နေမိပြီလို့ ဆာဘစ်ဇာက ဆိုပါတယ်။

ဒေါ့တ်မန် ကစားသမား ဘဝမှာ အသင်းရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်အောင် ပါဝင်ကူညီရင်း ပရိသတ်တွေနဲ့အတူ ထူးကဲကောင်းမွန်တဲ့ အမှတ်တရတချို့ ပိုင်ဆိုင်လာဖို့ မျှော်လင့်ထားကြောင်းလည်း ဆာဘစ်ဇာက ဖွင့်ဟသွားပါတယ်။

ဆာဘစ်ဇာဟာ ဘိုင်ယန် ကစားသမား ဘဝကို တစ်နှစ်ခွဲကြာ ဖြတ်သန်းခဲ့ပေမယ့် ပွဲထွက်လူစာရင်းမှာ ခိုင်မာတဲ့ နေရာတစ်ခုတော့ မပိုင်ဆိုင်နိုင်ခဲ့ပါဘူး။ သူဟာ ဘိုင်ယန်အတွက် စုစုပေါင်း ၅၄ ပွဲ ကစားပြီး ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

 

Ref: Eurosport