ဗြိတိသျှအရာရှိ ဇာတ်ရုပ်နဲ့ လူသိများတဲ့ သရုပ်ဆောင် ဦးစံမြင့် ကွယ်လွန်

ဇူလိုင်၊ ၂၄
 
မြန်မာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်လမ်းတွေမှာ ဗြိတိသျှအရာကြီး တဦးအဖြစ် ပင်တိုင်သရုပ်ဆောင်ခဲ့ပြီး သခင်ကြီးလို့ လူသိများခဲ့တဲ့ ဝါရင်သရုပ်ဆောင် ဦးစံမြင့်ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ ရုပ်ရှင်အနုပညာ အသိုင်းအဝိုင်းက အတည်ပြုထားပါတယ်။
 
ပဲခူးတိုင်း ပြည်မြို့ဖွား အသက်ကိုးဆယ်ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဦးစံမြင့်ဟာ လူကြီးရောဂါနဲ့ပဲ သူလက်ရှိနေထိုင်ရာ ပဲခူးမြို့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဗြိတိသျှ-မြန်မာ ကပြားအမျိုးသားတဦးဖြစ်တဲ့ ဦးစံမြင့်ဟာ သူ့ရဲ့ ရုပ်ရည်သွင်ပြင်ကြောင့်သာမက ဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် သရုပ်ဆောင်နိုင်မှုကြောင့် မြန်မာရုပ်ရှင်နဲ့ ဗွီဒီယို ဇာတ်လမ်းအများအပြားမှာ ဗြိတိသျှအရာရှိ တဦးအဖြစ် ပင်တိုင်သရုပ်ဆောင်ခွင့် ရခဲ့ပါတယ်။
 
အဲ့ဒီဇာတ်ရုပ်ကြောင့်ပဲ သူ့ကို အမည်ရင်း ဦးစံမြင့်ဆိုတဲ့ နာမည်ထက် “ သခင်ကြီး ” လို့ ပိုသိကြသလို ဇာတ်လမ်းတွေထဲမှာ သူအမြဲပြောလေ့ရှိတဲ့ “ မောင်မင်း လူကလေး ” ဆိုတဲ့ စကားလုံးနဲ့လည်း တွဲသိကြခဲ့ပါတယ်။
 
သူမကွယ်လွန်ခင် လွန်ခဲ့တဲ့ သုံးရက်အကြာက အနုပညာသတင်းတွေ ဖော်ပြနေတဲ့ မီဒီယာတခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဦးစံမြင့်ရဲ့ ကျန်းမာရေးအခြေအနေဟာ ရက်ပိုင်း၊ လပိုင်းလောက်ပဲ ခံတော့မယ်ဆိုတာ မိသားစုက သိနေကြသလို၊ ဦးစံမြင့်ကိုယ်တိုင်ကလည်း သူ့အခြေအနေကို ကြိုသိနေတယ်လို့ သမီးဖြစ်သူက ပြောထားပါသေးတယ်။
 
မြန်မာနိုင်ငံကို လာရောက်တာဝန်ထမ်းဆောင်တဲ့ ဗြိတိသျှစစ်သားတဦးနဲ့ မြန်မာအမျိုးသမီး မိခင်တို့ကနေ မွေးဖွားခဲ့တဲ့ ဦးစံမြင့်ဟာ လွတ်လပ်ရေးရပြီးစ သူ့အသက် ၁၈ နှစ်အရွယ်မှာ စစ်တပ်ထဲ ဝင်ခဲ့တာကြောင့် စစ်မှုထမ်းဟောင်း တဦးလည်း ဖြစ်ပါတယ်။
 
ဒါပေမယ့် ၁၉၆၂ ခုနှစ်မှာ စစ်တပ်က နှုတ်ထွက်ခဲ့ပြီးနောက် ဦးစံမြင့်ဟာ တိရိစ္ဆန်ဆေးဘက်ဝန်ထမ်း အဖြစ် ရန်ကုန်တိရိစ္ဆန်ဥယျာဉ်မှာ လုပ်ကိုင်ခဲ့ပါတယ်။
 
တပ်ထဲမှာရှိနေစဉ် အောင်ပန်းအမြောက်တပ်မှာ ရှိနေချိန်ကတည်းက ရုပ်ရှင်လောကနဲ့ ထိတွေ့နေပြီဖြစ်တဲ့ ဦးစံမြင့်ဟာ တပ်ကထွက်ပြီးနောက် အနုပညာလောကမှာ ပိုမိုပါဝင်ခွင့်ရခဲ့ပါတယ်။
 
ဓာတ်ပုံ – Google