ကျောက်တံခါးမှာ တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ပစ်လို့ မိသားဝင်လေးဦးသေဆုံး

ဇူလိုင်၊ ၂၄
 
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာ ဘက်ကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က ဇူလိုင်လ ၂၃ ရက်၊ ည ၈ နာရီခန့်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အိပ်ပျော်နေတဲ့ မိသားဝင် လေးဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
 
” အိပ်ချိန်ကြီး အိမ်ပေါ် တည်တည့်ကျတော့ အကုန်သေကုန်တာ၊ တခြားအိမ်တွေ ထိတာလည်း ရှိတယ်၊ အခုသေတဲ့ မိသားစုတွေကျ အိမ်ပေါ်တည့်တည့်ကျတာ၊ ရပ်ကွက်ကပဲ နာရေးကိစ္စတွေ လုပ်ပေးနေပါတယ် ” လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
 
အဲဒီပစ်ခတ်မှုကြောင့် သမင်အင်းကုန်းကျေးရွာက နေအိမ်အတွင်း အိပ်ပျော်နေတဲ့ အသက် ၄၇ နှစ်အရွယ် အမျိုးသား တဦး၊ သူ့ရဲ့ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ်အမျိုးသမီး၊ ၁၁ နှစ်အရွယ် သမီးနဲ့ ရှစ်နှစ်အရွယ် သားတဦး စုစုပေါင်း လေးဦးသေဆုံးခဲ့ပြီး နေအိမ်ခုနှစ်လုံး ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
 
” ညကဆို လက်နက်ကြီး ရှစ်ချက်လောက် ပစ်တယ်၊ အိမ်ပါ တုန်သွားတယ်၊ ဘာမှ အလုပ်လုပ်လို့ မရတော့ဘူး၊ ကလေးတွေလည်း အရမ်းကြောက်နေကြတယ်၊ သေဆုံးသွားတဲ့ မိသားစုတွေက အိပ်နေရင်း လက်နက်ကြီးကျ တာပါ ” လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ် ။
 
ကျောက်တံခါးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၂၆၄)၊ ခမရ (၃၀၇)၊ ခမရ (၃၀၈) တပ်ရင်းတွေက တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေနဲ့ ညစဉ်ပစ်ခတ်နေတာ သုံးလေးရက်ရှိနေပြီဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
 
” ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ပြီးကတည်းက တနေ့ကို အလုံး နှစ်ဆယ်ကျော်လောက်ကို ပစ်နေတာ၊ ညဘက်တွေဆိုပိုဆိုးတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
မကြာသေးခင်ရက်ပိုင်းက ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၁၀၁ ရှိ စစ်ကောင်စီတပ်တွေ အခြေစိုက်တဲ့ ကေတီဗွီကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။
 
အဲဒီလိုစီးနင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် နှစ်ဦး၊ သတင်းပေး နှစ်ဦး သေဆုံးပြီး ရဲ နှစ်ဦး ဒဏ်ရာရကာ အိမ်စီးကား တစီး သိမ်းဆည်းရမိတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
 
ဒါ့အပြင်ဇူလိုင်လ ၁၈ ရက်၊ ညပိုင်းကလည်း ရန်ကုန်-မန္တလေး ကားလမ်းဟောင်းက တံတားတစင်းကို ဖောက်ခွဲခဲ့တဲ့အတွက် သွားရောက်စစ်ဆေးတဲ့အချိန် တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီ တပ်သား နှစ်ဦး သေဆုံးတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေမှာ ရေးသားထားပါတယ်။
 
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကျောက်တံခါးမြို့နဲ့ ပဲနွယ်ကုန်းမြို့ပေါ်အထိ ရောက်ရှိလာတယ်ဆိုပြီး စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်လို့ KNLA-PDF Kyaukkyi News က ဖော်ပြထားပါတယ်။
 
” လက်နက်ကြီးသံတွေ ကြားပြီး ညနက်ဘက်ရောက်တော့ ပေါက်ကွဲသံ နှစ်ချက်ထပ်ကြားရတာဗျ ၊ ထွက်လည်း မကြည့်ရဲကြဘူး၊ သေဆုံးသူ ရှိတာတောင် အခုမနက်မှ သိကြရတာ ” လို့ဒေသခံနောက်တဦးက ပြောပါတယ်။
 
မနေ့က ညဦးပိုင်းမှာ စစ်ကောင်စီက အဲဒီလို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပြီးနောက် ညနက်ပိုင်းမှာ ပေါက်ကွဲသံတွေ ထပ်ကြားကြရပြီး ဒီကနေ့မနက်မှာတော့ သမင်အင်းကုန်းရွာ အနီးမှာရှိတဲ့ လျှပ်စစ်တာဝါတိုင် နှစ်ခု ဖောက်ခွဲ ဖျက်ဆီးခံထားရတာ တွေ့ရပေမယ့် ဘယ်အဖွဲ့လက်ချက်ဆိုတာ မသိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
 
ကျောက်ကြီးဒေသအခြေစိုက် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ဇွန်လပိုင်းကလည်း စစ်ကောင်စီလက်နက်ကြီးတွေကြောင့် သမင်အင်းကုန်းရွာ နဲ့ ငါးဖယ်အင်းရွာ တွေက ဒေသခံ လေးဦး သေဆုံးခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။
 
ဓာတ်ပုံ – KNLA -PDF Kyaukkyi News