ကြိုးပေးကွပ်မျက်ခံရတဲ့ လေးဦးအပါအဝင် သူရဲကောင်းတို့ရဲ့ ပေးဆပ်မှု အချည်းအနှီးဖြစ်လို့မရဘူးလို့ ယာယီသမ္မတပြော

ဇူလိုင်၊ ၂၃
 
ကြိုးပေးကွပ်မျက်ခံရတဲ့ ရဲဘော်လေးဦး အပါအဝင် ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတို့ရဲ့ ပေးဆပ်မှုတွေဟာ အချည်းအနှီးဖြစ်လို့ မရဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဇူလိုင် ၂၃ ရက်က ပြုလုပ်တဲ့ ကျဆုံးအာဇာနည်တွေကို အောက်မေ့ဂုဏ်ပြုခြင်း အခမ်းအနား မှာ ပြောကြားလိုက်ပါတယ်။
 
“ အကြမ်းဖက်စစ်အုပ်စုက နည်းပေါင်းစုံနဲ့ နှိပ်စက်ညှင်းပမ်းနေတဲ့ကြားက တော်လှန်ရေးအတွက် အားတင်းရုန်းကန်နေကြရတဲ့ နိုင်ငံရေးအကျဉ်းသား သူရဲကောင်းတွေရဲ့ စွန့်လွှတ်မှုတွေနဲ့အတူ ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ ကိုဖြိုးဇေယျာသော် (ခ) ကိုမောင်ကျော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင် တို့အပါအဝင် ကျဆုံးခဲ့ကြရတဲ့ အာဇာနည်သူရဲကောင်းအပေါင်းတို့ရဲ့ ပေးဆပ်မှုတွေဟာ အချည်းအနှီးဖြစ်လို့ မရကြောင်း အလေးအနက် ပြောကြားလိုပါတယ် ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
 
ဇူလိုင် ၂၃ ရက်၊ မနက် ၁၀ နာရီက အွန်လိုင်းစနစ်နဲ့ ပြုလုပ်ခဲ့တဲ့ “ ကျဆုံး အာဇာနည်သူရဲကောင်းများကို အောက်မေ့ဂုဏ်ပြုခြင်း ” ခေါင်းစဉ်နဲ့ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီလ တက်ရောက်ခဲ့ပြီး စစ်ကောင်စီက အကျဉ်းထောင်အတွင်းမှာ ကြိုးပေးကွပ်မျက်ခဲ့တဲ့သူ လေးဦးရဲ့ တနှစ်ပြည့်မှာ ပြောကြားခဲ့တာပါ။
 
လက်ရှိမှာ စစ်ကောင်စီက အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပိုမိုပြီးတော့ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်နေတာဟာ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာရေး အစရှိတဲ့ အဘက်ဘက်က အကြပ်အတည်းတွေ ဆိုက်ရောက်နေတာကြောင့် အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဉ်းသား တွေကို ဓားစာခံ သဖွယ် အငြိုးထား ရက်စက်လာတဲ့ သဘောဖြစ်တယ်လို့ ယာယီသမ္မတက ဆိုပါတယ်။
 
“ ကျဆုံးခဲ့ကြတဲ့ အာဇာနည်တွေ သူရဲကောင်းတွေရဲ့ ဂုဏ်ကျေးဇူးကို ကျွန်တော်အပါအဝင် တော်လှန်ရေး တပ်သားအားလုံးနဲ့ ပြည်သူလူထုတစ်ရပ်လုံးက လေးလေးနက်နက် တန်ဖိုးထား နှလုံးသွင်းကြဖို့ လိုပါတယ်။ ဒါ့အပြင် အာဇာနည် သူရဲကောင်းအ‌ပေါင်းက မျှော်မှန်း လျှောက်လှမ်းခဲ့ကြတဲ့ တော်လှန်ရေးပန်းတိုင်ကို ရောက်ရှိပိုင်ဆိုင်ရတဲ့အထိ ဆက်လက် ချီတက်ကြရမှာ ဖြစ်ပါတယ် ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက်မှာ စစ်ကောင်စီက အင်းစိန်အကျဉ်းထောင်ထဲမှာ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို ကြိုးပေးကွပ်မျက်ခဲ့တာဖြစ်ပြီး ယခု ၂၀၂၃ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ တနှစ်ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။
 
အဲဒီလို ကြိုးပေးကွပ်မျက်ခံရတဲ့ တနှစ်ပြည့်မြောက်တဲ့နေ့မှာပဲ “ ကျဆုံး အာဇာနည်သူရဲကောင်းများကို အောက်မေ့ဂုဏ်ပြုခြင်း ”ခေါင်းစဉ်နဲ့ နွေဦးတော်လှန်ရေးကာလမှာ ကျဆုံးသွားခဲ့တဲ့ သူတွေအတွက် အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
 
အကြမ်းဖက် စစ်ကောင်စီက ဒီမိုကရေစီ ဘက်တော်သား လေးဦးကို သွေးအေးအေးနဲ့ သတ်ဖြတ်ခဲ့တာ ဖြစ်သလို ကြိုးပေးကွပ်မျက်မှုဟာလည်း တရားဥပဒေနဲ့ မညီဘဲ လုပ်ဆောင်ခဲ့တာဖြစ်ပြီး တချိန်မှာ သူတို့ (စစ်ကောင်စီ) အနေနဲ့ ပြန်ရှင်းရမှာဖြစ်တယ်လို့ ဒလမဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက DNA ကို ပြောပါတယ်။
 
“ တော်လှန်ရေးအတွက် အသက်ပေးသွားကြသူတွေက အတော်များနေပါပြီ။ ကျွန်တော်တို့နေရတဲ့ နိုင်ငံက အာဇာနည်တွေ အရမ်းများတဲ့ နိုင်ငံဖြစ်တယ်။ အဲဒီလို အာဇာနည်တွေ သိပ်များတဲ့ နိုင်ငံမှာက ဝမ်းနည်းစရာလည်း တကယ်ကောင်းပါတယ်ဗျာ။ အားလုံးအတွက်ကိုလည်း ကျွန်တော်ဦးညွှတ်ပါတယ်၊ ဂုဏ်ပြုပါတယ်။ တော်လှန်ရေးကြီးကတော့ အရှိန်အဟုန်နဲ့ သွားနေပါတယ်။ ခရီးကလည်း အတော်လေးပေါက်နေပြီလို့ သုံးသပ်ပါတယ်။ မကြာခင်မှာ ပြည်သူတွေ အောင်ပွဲခံပါလိမ့်မယ် ” လို့ ဦးဘိုဘိုဦးက ပြောပါတယ်။
 
ဓာတ်ပုံ – NUG