ဇူလိုင်၊ ၂၃
အာဏာသိမ်းစစ်ကောင်စီက နှစ်သောင်းကျပ်တန် ငွေစက္ကူသစ် ထုတ်ဝေမယ့် သတင်းကြေငြာပြီးတဲ့နောက် ပြည်တွင်းရွှေဈေးကွက် အရောင်းအဝယ် ရပ်ဆိုင်းခဲ့ပြီး ရွှေဆိုင်အများစု နဲ့ ဒေါ်လာ အရောင်းပိတ်လိုက်ရတယ်လို့ ရွှေနဲ့ ဒေါ်လာအရောင်းအဝယ်သမားတွေဆီက သိရပါတယ်။
” နှစ်သောင်းတန်ကိစ္စနဲ့ ဆိုင်မှာပေါ့။ အစ်မတို့တော့ မသိဘူး။ ဘာမှ ပြောလို့မရတဲ့ အခြေနေ လောလောဆယ် ရွှေစျေးကွက်တော့ ပိတ်ထားတယ် ” လို့ ရန်ကုန်မြို့က ရွှေဆိုင်ကြီးတဆိုင်က အမည်မဖော်လိုသူတဦးက ပြောပါတယ်။
ပုံမှန်အားဖြင့် တနင်္ဂနွေနေ့ဆိုရင် ရွှေစျေးကွက်လည်း လှုပ်လှုပ်ရှားရှားမရှိပေမယ့် နှစ်သောင်းတန်ငွေစက္ကူဂယက်ကြောင့် ရွှေဝယ်လိုသူတွေ ရှိပေမယ့် ရွှေဆိုင်ကြီးအများစုကတော့ အရောင်းအဝယ် မပြုလုပ်ဘဲ စောင့်ကြည့်နေတယ်လို့ မြောက်ဒဂုံမြို့နယ်၊ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
ပြင်ပရွှေစျေးကွက်မှာ ဇူလိုင်လ ၂၂ ရက် မနေ့က အခေါက်ရွှေဈေး တကျပ်သားမှာ ၃,၂၉၀,၀၀၀ ကျပ်၊ ၁၅ ပဲရည် တကျပ်သားမှာ ၃,၁၀၀,၀၀၀ ကျပ်နဲ့ တဒေါ်လာကို ၃၀၆၀ ကျပ်ပေါက်ဈေးရှိခဲ့သော်လည်း ဒီကနေ့မှာတော့ ပေါက်ဈေးမရှိတော့ဘဲ အရောင်းရပ်နားခဲ့ရတာပါ။
” Money Changer အများစုလည်း အရောင်းရပ်ထားကြတယ်။ အခြေအနေက ဘာမှန်းမသိတော့ မရောင်းရဲ၊ မဝယ်ရဲကြဘူး။ လက်ထဲရှိတာ မထုတ်ရဲကြဘူး ” လို့ ရန်ကုန်မြို့က Money Changer ဝန်ထမ်းတဦးက ပြောပါတယ်။
ဒါ့အပြင် မန္တလေးမြို့မှာလည်း နာမည်ကြီး ရွှေဆိုင် အချို့ အရောင်းပိတ်သလို အချို့ဆိုင်တွေက အကန့်အသတ်နဲ့သာ ရောင်းချပေမယ့် ပြန်ရောင်းချင်ရင်တော့ အကန့်အသတ်မရှိ ဝယ်ယူတယ်လို့လည်း ဒေသခံရွှေသမားတွေက ပြောကြပါတယ်။
“ ဒီနေ့ ရွှေဈေး ပိတ်လိုက်တယ်။ အဓိက ကတော့ နှစ်သောင်းတန်ထုတ်မယ်ဆိုတာနဲ့လည်း ဆိုင်တာပေါ့။ အခေါက်ရွှေဈေး အရမ်းတတ်လာတာပေါ့။ ရွှေဈေး မတည်ငြိမ်တာရောပေါ့။ အတက်ဘက်ကို ဦးတည်လာလို့လေ။ ဘယ်လိုမှ မဖွင့်နိုင်တဲ့ အခြေနေပါ။ တချို့ဆိုင်တွေတော့ အဝယ်ရတယ်။ အရောင်းတော့ မရောင်းကြဘူး။ အမတို့ဆိုင်တော့ ပိတ်ထားတယ်။ ဘယ်နေ့ပြန်ဖွင့်မလဲဆိုတာ ပြောလို့မရဘူး။ အမတို့လည်း မသိသေးဘူး “ လို့ နေပြည်တော် ရွှေကုန်သည်တဦးက ပြောပါတယ်။
ဒါပေမယ့် စျေးကွက်မှာ ရွှေတကျပ်သား ၃၆ သိန်းကျော်၊ အမေရိကန်တဒေါ်လာကို ၃၅၀၀ ကျော်နဲ့ ထိုင်တဘတ်ကို တရာကျော်အထိ စျေးတွေမြင့်တက်သွားတယ်ဆိုပေမယ့် ခေါ်စျေးသာရှိပြီး ရောင်းမဲ့သူ မရှိဘူးလို့လည်း ရွှေကုန်သည်တွေက ပြောကြပါတယ်။
‘’ ရွှေက တကျပ်သား (သိန်း)လေးဆယ်လောက်အထိ မှန်းကြတယ်ပြောတယ်။ အရောင်းအဝယ် ခဏတော့ ရပ်သွားနိုင်တယ် ’’ လို့ နေပြည်တော်က ရွှေဆိုင်ပိုင်ရှင်နောက်တဦးက ဆိုပါတယ်။
ဓာတ်ပုံ – Google