ညောင်ပင်လှရွာက ပျူစောထီးစခန်း ဝင်ရောက်တိုက်ခိုက်ခံရလို့ ကိုးဦးသေဆုံး

ဇူလိုင်၊ ၂၃
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်လှရွာ ပျူစောထီးစခန်းကို ဇူလိုင်လ ၂၃ ရက် ဒီမနက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီးနဲ့ စစ်သား ကိုးဦး သေဆုံးခဲ့ပြီး သေနတ်သုံးလက် သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
 
“ စခန်းတော့ မသိမ်းနိုင်ခဲ့ဘူး။ ရွာမြောက်ဘက်ခြမ်းက ကင်းတကင်းတော့ ကျန်ခဲ့တယ်ဗျ။ အဲ့ဘက်ညောင်ကိုင်းပျူရွာနဲ့ ကပ်လျက်မို့ စစ်ကူရောက်လာပြီး လက်နက်ကြီး ပစ်ကူ ပေးခဲ့တဲ့အတွက် ရွာမြောက်ဖက်ခြမ်းက ကင်းတတကင်းတော့ ကျန်ခဲ့တယ်ဗျ။ ကျန်တဲ့ ခွေးတွေက ‌မြောက်ဖက်ခြမ်းကင်းကို ပြေးကြတာ ” လို့ ရွှေဘိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
တော်လှန်ရေးအင်အားစုတွေဟာ ဒီကနေ့ မနက်အစောပိုင်း ၃ နာရီ ခန့်မှာ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား သုံးဆယ်ခန့်ရှိတဲ့ စခန်းကို ဝင်‌ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် မိနစ်နှစ်ဆယ်ခန့် ကြာမြင့်ခဲ့ပြီး ကင်းတခုကလွဲပြီး အကုန်သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီရဲ့ သေဆုံးအရေအတွက်ကို တိုက်ပွဲအတွင်း အတည်ပြုနိုင်ခဲ့ပြီး ကျန်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကတော့ ရွာချင်းကပ်လျက် ညောင်ကိုင်းပျူရွာ ကို ထွက်ပြေးသွားတာကြောင့် ဒဏ်ရာရအရေအတွက်ကို မသိရဘူးလို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ပြောပါတယ်။
 
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ ပျူစောထီး ကိုးဦး သေဆုံးခဲ့ပြီး ကာဘိုင် နှစ်လက်၊ ကိုးလုံး တလက်၊ ကိုးလုံးကျည် (၂၅) တောင့်၊ ကာဘိုင်ကျည် (၂၀၉)တောင့်၊ ကျည်ဘောက် တခု၊ အီကွေ့မင့် ခုနှစ်ခုနဲ့ Huawei ဖုန်း တလုံး တို့ သိမ်းဆည်းရမိခဲ့တယ််လို့ သိရပါတယ်။
 
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ (PDO)၊ Shwebo Justice Force၊ ရွှေတောသား၊ ကျားပျံ၊ ရွှေဘိုမြို့နယ်တိုက်နယ် (၃) ပကဖ၊ ဒီပဲယင်းမြို့နယ်ပကဖ၊ ဂဠုန်မင်း၊ စံရှား၊ ဒေါင်းမင်း၊ သရဲကြီး၊ မတထောင်တကောင်ဘွား စတဲ့အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
 
အဲဒီတိုက်ပွဲအတွင်းမှာ တော်လှန်ရေးအင်အားစုတွေ ထိခိုက်ကျဆုံးတာ မရှိသလို တိုက်ပွဲပြီးနောက် စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပေမယ့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
 
လက်ရှိမှာ စစ်ကောင်စီအင်အား သုံးဆယ်ကျော်ဟာ ဇီးဖြူကုန်းကျေးရွာကနေ ညောင်ကိုင်း၊ ညောင်ပင်လှဖက်ကို ရောက်ရှိနေတယ်လို့လည်း ရွေဘိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြောပါတယ်။
 
ဓာတ်ပုံ – ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့