ဇူလိုင်၊ ၂၃
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာကြောင့် ရွှေယမင်းရွာက ကလေးတဦး အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒေသခံ ငါးထောင်ကျော် တိမ်းရှောင်နေရတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
“ ဒီနေ့မနက် မြင်းဒေါင်းကနေ သိမ်တော် ၊ ရွှေယမင်း ရွာတွေဘက်ကို ၁၂ဝ မမ လက်နက်ကြီးတွေ ပစ်ခတ်ဝင်ခဲ့တယ်။ သိမ်တော်ရွာကနေ ရွှေယမင်းရွာ ကို လက်နက်ကြီးနဲ့ ၁၂ဝ မမ နှစ်လုံး လှမ်းပစ်ခဲ့တယ်။ ရွှေယမင်းရွာက ဒေသခံ သုံးယောက်ထိတယ် “ လို့ ရေဦးအခြေပြု Pepole Defence Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က ပြောပါတယ်။
စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၇၀၈) နဲ့ (၇၀၂) ကအင်အား ၁၂ဝ ကျော်ပါဝင်တဲ့ အဲဒီစစ်ကြောင်းဟာ ဇူလိုင်လ ၂၂ ရက်မနေ့က ရေဦးမြို့နယ်ကနေ ခင်ဦးမြို့နယ် အနောက်ခြမ်းကို ထွက်သွားပြီးနောက် ခင်ဦးနယ်၊ မြင်းဒေါင်း ရွာမှာ ညအိပ်တပ်စွဲခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၃ ရက် ဒီမနက်မှာ ၉ နာရီမှာ မြင်းဒေါင်းရွာကနေ ထွက်လာပြီး သိမ်တော်ရွာနဲ့ ရွှေယမင်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွှေယမင်းရွာက ကိုသန်းငွေရဲ့နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး မောင်ကံချွန် ၁၁ နှစ်၊ ဒေါ်အေးခိုင် ၄၃ နှစ် နဲ့ ဘေးချင်းကပ်လျက်အိမ်က ကိုဇေယျာ ၂၃ နှစ်တို့ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။
သိမ်တော်ရွာနဲ့ ရွှေယမင်းရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးနောက် ဒီနေ့ နေ့လယ် ၂ နာရီခန့်မှာ အဆိုပါ စစ်ကြောင်းဟာ ရွှေဘိုနယ်၊ သရက်ပင်ဝန်းရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး သရက်ပင်ဝန်းရွာ မှ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
“ သိမ်တော်၊ ရွှေယမင်းရွာကို လက်နက်ကြီးနဲ့ ပစ်ပြီးတော့ ခင်ဦးနယ်၊ တယ်ဘိုပင် (ရွာ)ကနေ ရွှေဘိုနယ် သရက်ပင်ဝန်းရွာကို စက်လက်တွေနဲ့ ပစ်ပြီး ဝင်လာတယ်။ နေ့ခင်း ၂ နာရီ မှာ ရွှေဘိုနယ် သရက်ပင်ဝန်းရွာက နေအိမ်တွေကို မီးရှို့နေကြတယ်။ တပ်စွဲထားဆဲပါပဲ “ လို့ ကိုထူးခန့်ဇော်က ပြောပါတယ်။
လက်ရှိမှာ သရက်ပင်ဝန်းရွာမှ စစ်ကောင်စီစစ်ကြောင်းက တပ်စွဲထားတာကြောင့် နေအိမ်အပျက်အစီးနဲ့ ဒေသခံ ထိခိုက်မှု အခြေနေကိုတော့ မသိရသေးဘူးလို့လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ အဆိုပါစစ်ကြောင်းကြောင့် သရက်ပင်ဝန်း၊ သိမ်တော်ရွာ၊ ရွှေယမင်း၊ တယ်ဘိုပင်၊ ကြာပင်အိုင်၊ သဲကုန်း အပါအဝင် ခင်ဦးအနောက်ခြမ်းနဲ့ ရွှေဘိုနယ်အနောက်ခြမ်းက ဒေသခံ ငါးထောင်ကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
လက်ရှိ သရက်ပင်ဝန်းမှာ တပ်စွဲထားတဲ့ စစ်ကြောင်းဟာ ဇူလိုင်လ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ခင်ဦး၊ မူးသာရွာ နဲ့ သက်ပြင်းရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ခြောက်နှစ်အရွယ် ကလေးတဦးနဲ့ အမျိုးသမီးတဦးအပါအဝင် လေးဦးသေဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Farmer’s Heroes