မိုးအဆက်မပြတ်ရွာတာကြောင့် လောင်းလုံးမြို့ပေါ်နဲ့ အနီးတဝိုက် ရေကြီးမှုဖြစ်

ဇူလိုင် ၊ ၂၃
မိုးအဆက်မပြတ်ရွာတာကြောင့် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်က ရပ်ကွက်တချို့နဲ့ မြို့အရှေ့ဘက် ပြင်းထိန်ရွာမှာ ဒီကနေ့ ဇူလိုင်လ ၂၃ ရက် မနက်အစောပိုင်းကပြီး ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေကနေသိရပါတယ်။

“မိုးကမနေ့ ညနေကတည်းကရွာတာ မနက်အထိ လုံးဝမနားဘူး၊ မြေနိမ့်ပိုင်းမှာဆို အိမ်ထဲရေတွေဝင်တာ နေလို့တောင်မရဘူး၊ ကြီးတာကတော့ ရပ်ကွက်အကုန်လုံးပဲ၊ တချို့ရပ်ကွက်တွေကတော့ မိုးစဲတာနဲ့ ရေကျသွားတာ” လို့ လောင်းလုံးမြို့ခံတဦးက DNA ကို ပြောပါတယ်။

ရေကြီးမှုကြောင့် မြေနိမ့်ပိုင်းက အချို့နှစ်ထပ်အိမ်တွေ အိမ်အောက်ပိုင်း ရေနစ်မြုပ်သည်အထိဖြစ်ခဲ့ပြီး ကားလမ်းတချို့လည်း ဒူးကျော်သည်အထိ ရေနစ်မြုပ်ခဲ့တယ်လို့ လည်း ဒေသခံတွေက ပြောကြ ပါတယ်။

ရေကြီးမှုကြောင့် လူထိခိုက်သေဆုံးမှုမရှိသလို ဆိုးဆိုးဝါးဝါးပျက်စီးမှုတော့ မရှိခဲ့ဘြဲ တချို့ကားလမ်းပိုင်းတွေကတော့ ဖြတ်သန်းသွားလာလို့မရဘဲ ဖြစ်ခဲ့ရပါတယ်။

လက်ရှိမှာတော့ ရေကြီးမှုဖြစ်တဲ့ နေရာတွေကို မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။

“ရေက ချက်ချင်းကြီးလာတော့ တချို့က ပြောင်းရတော့မလိုလိုတောင်ဖြစ်သွားတာ၊ ကျနော်တို့ကတော့ ပြောင်းချင်တဲ့သူတွေ ပြောင်းလို့ရအောင် လိုက်ကူပေးနေတယ်၊ ကားလမ်းလည်း ရေတော်တော်မြုပ်သွားတယ်။ တချို့နေရာမှာဆို ရေက ပေါင်းရင်းလောက်အထိတောင်ရောက်တာ” လို့ ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်မျိုးသွင်က DNA ကို ပြောပါတယ်။

လက်ရှိမှာတော့ မိုးအနည်းငယ်ပြန်စဲသွားလို့ ရေပြန်ကျနေတယ်လို့လည်း သိရပါတယ်။

“(မနက်)၁၀ နာရီလောက်မှာတော့ မိုးစဲသွားလို့ ရေနည်းနည်းပြန်ကျနေတယ်၊ တပေလောက်အထိ ရေပြန်ကျသွားတယ်” လို့ ဦးနိုင်မျိုးသွင်က ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ နှစ်စဉ် ဇူလိုင်လအကုန်ကနေ သြဂုတ်လအကုန်လောက်အထိ မိုးသည်းထန်စွာရွာတာကြောင့် ရေကြီးတာတွေ၊ မြေပြိုတာတွေ မကြာခဏဖြစ်လေ့ရှိပါတယ်။