တမူးမှာ မူးယစ်ဆေးသုံးစွဲမှုလွန်လို့ ဆယ်ရက်အတွင်းအမျိုးသား နှစ်ဦးသေဆုံး

ဇူလိုင် ၊ ၂၃

မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့မှာ  မူးယစ်ဆေးဝါးသုံးစွဲသူ သိသိသာသာများပြားလာပြီး ပြီးခဲ့တဲ့ဆယ်ရက်အတွင်း ဘိန်းဖြူသုံးစွဲမှုကြောင့်အမျိုးသား နှစ်ဦးသေဆုံးခဲ့တယ်လို့ တမူးမြို့ခံတွေကပြောပါတယ်။

” သေတာကတော့ လတိုင်းသေနေတာပဲ။ ခုတပတ်ထဲမှာတော့ နှစ်ယောက်သေတယ်။ ဘိန်းဖြူမှုန့်ကလည်းတထောင်ဖိုးကစရတယ်ဗျ” လို့ တမူးဒေသခံတဦးကပြောပါတယ်။

ဇူလိုင်လ ၁၄ ရက်က အိန္ဒိယ နယ်စပ်အနီး ကွမ်းသီးဂိုဒေါင်ရှေ့မှာ ဘိန်းဖြူသုံးစွဲမှုကြောင့် သေဆုံးတဲ့ အမည်မသိ ပိုင်ရှင်မဲ့ အမျိုးသားအလောင်းနဲ့  ဇူလိုင် ၂၂ ရက်ကအိန္ဒိယ နယ်စပ် ဗိုလ်နိုင်ဝင်းလမ်းဘေးတနေရာမှာဘိန်းဖြူသုံးစွဲမှုကြောင့်သေဆုံးတဲ့ အမည်မသိ ပိုင်ရှင်မဲ့အမျိုးသား အလောင်းတို့ကို တမူးမြို့ နိဗ္ဗာန်လမ်းနာရေးကူညီမူအသင်းက သဂြို်လ်ပေးခဲ့ရတယ်လို့သိရပါတယ်။

” သူတို့က နယ်စပ်ဘက်တောထဲမှာ ဖြစ်သလိုမြေစိုက်တဲလေးတွေဆောက်ပြီးနေကြတာ။ သူ့အုပ်စုကိုယ့်အုပ်စုလေးတွေနေကြတာ။ ဆေးသုံးစရာရဖို့ ပေါက်ပေါက်ရှာတွေလည်းလုပ်တတ်တယ်” လို့ တမူးမြို့ခံတဦးကပြောပါတယ်။

အိန္ဒိယနယ်စပ်တမူးမြို့ဟာ ဟိုအရင်နှစ်ပေါင်းများစွာကတည်းက မူးယစ်ဆေးဝါးရလွယ်ပြီး သုံးစွဲမူတွေရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးချိန်ကနေ ယခုအချိန်ထိအတွင်းလောက်ဆိုးဝါးတဲ့အခြေအနေမရှိခဲ့ဘူးလို့ မြို့ခံတဦးကဆိုပါတယ်။

 ကလေးမြို့နယ်နဲ့ တမူးမြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကြောင့် ခိုးယူမူတွေနေ့စဉ်နဲ့အမျှဖြစ်ပွားနေပြီး မူယစ်ဆေးဝါးရောင်းဝယ်မူ၊သုံးစွဲမူတွေဟာ စစ်ကောင်စီလက်အောက်မှာရှိတဲ့ မြို့ပေါ်တွေမှာ အဓိကဖြစ်ပွားနေတာဖြစ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

” သူတို့ကို (မူးယစ်ဆေးသုံးစွဲသူတွေ) ကိုနှစ်ဘက်လုံးက မထိန်းချုပ်နိုင်ဘူး” လို့ မြို့ခံတဦးကပြောပါတယ်။