နိုင်ငံခြားငွေလိုနေတဲ့စစ်ကောင်စီက ပြည်ပရောက်မြန်မာလုပ်သားတွေ တရားဝင်ငွေလွှဲစနစ်သုံးကြဖို့ အေဂျင်စီ တွေကိုဖိအားပေး

ဇူလိုင် ၊၂၂

ပြည်ပရောက်မြန်မာလုပ်သားတွေမိသားစုဆီငွေလွှဲပို့တဲ့အခါ တရားဝင်ငွေလွှဲစနစ်အသုံးပြုအောင် စီမံဆောင် ရွက်ဖို့ စစ်ကောင်စီခန့်အလုပ်သမားဝန်ကြီးက ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို ဖိအားပေးတိုက်တွန်းလာ တယ်လို့လုပ်ငန်းရှင်တချို့ကပြောပါတယ်။

စစ်ကောင်စီအလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ ပြည်ပအလုပ်အ ကိုင်အေဂျင်စီလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံခဲ့ပြီး အဲ့ဒီလွှဲပို့ငွေကိစ္စကို အဓိကပြောသွားတယ်လို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ လုပ်ငန်းရှင်တချို့ကပြောပါတယ်။

“အဓိကပြောတာကတော့ ငွေလွှဲကိစ္စပဲ၊ကြပ်ကြပ်မတ်မတ်လုပ်ဖို့၊အေဂျင်စီတွေက တာဝန်ယူဖို့ဆိုတာ တွေပြော တယ်” လို့ အဲဒီတွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့အေဂျင်စီလုပ်ငန်းရှင်တဦးကပြောပါတယ်။          

အဲ့ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာလည်း လိုင်စင်ရအေဂျင်စီတွေအနေနဲ့ ပြည်ပ ကို သွားရောက်အလုပ် လုပ် ကိုင်မယ့် မြန်မာ လုပ်သား​တွေနဲ့ ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်ပါ မိသားစုလွှဲ ပို့ငွေကိစ္စရပ်တွေကို နိုင်ငံတော်က သတ်မှတ်ထားတဲ့ ငွေလွှဲစနစ်​တွေ၊ နည်းလမ်း​တွေအတိုင်း စနစ်တကျ လွှဲပြော င်း ပေးပို့နိုင်ရေး ကြီးကြပ် ဆောင်ရွက်ဖို့ ဒေါက်တာပွင့်ဆန်းကပြောဆိုခဲ့ကြောင်းဖော်ပြထားပါတယ်။

ဒါ့အပြင်အလုပ်သမား​တွေကို ပြည်ပမထွက်ခွာမီ အလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်သင်တန်းပို့ချခြင်း နဲ့အလုပ်ရှင်/ အလုပ်သမား အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုချိန်တို့မှာပြည်တွင်းဘဏ်တွေမှာ ငွေစုစာရင်း ဖွင့်လှစ်တာ၊ ငွေလွှဲပြောင်းပေးပို့ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ၊ လုပ်ခလစာတွေကို တရားဝင်လွှဲပြောင်းမှု ဆိုင်ရာ အသိပညာပေးတာတွေဆောင်ရွက်ပေးစေလိုတယ်လို့လည်း သူက ပြောဆိုခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် နိုင်ငံတကာပိတ်ဆို့အရေးယူမူတွေကြောင့် နိုင်ငံခြားငွေလိုအပ်ချက်မြင့် မားနေပြီး နိုင်ငံခြားငွေရလမ်းတခုဖြစ်တဲ့ ပြည်ပရောက်မြန်မာလုပ်သားတွေရဲ့လွှဲပို့ငွေကို ၂၀၂၁နှစ်လယ်ပိုင်း လောက်ကစပြီးကြပ်မက်မှုတွေလုပ်လာတာဖြစ်ပါတယ်။

 သွားရောက်မယ့် နိုင်ငံအလိုက် လစဥ်မိသားစုထံလွှဲပို့ရမယ့် လစာရဲ့ ရာခိုင်နှုန်းသတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့ပြီး အ လုပ်သမားကို အဲဒီသတ်မှတ်ချက်အတိုင်းလွှဲပို့မယ်ဆိုတဲ့ခံဝန်လက်မှတ် ရေးထိုးခိုင်းတာမျိုးတွေရှိတယ်လို့လည်း ပြည်ပရောက်မြန်မာလုပ်သားတချို့ကပြောပါတယ်။

“အလုပ်သမားတွေကလွန်ဆန်မရလို့သာ လက်ခံရတာ၊ဘယ်သူမှစစ်ကောင်စီလက်ထဲ နိုင်ငံခြားငွေရောက်စေ ချင် မှာမဟုတ်ဘူး၊တော်တော်များများလည်း မလွှဲကြပါဘူး”လို့ ဂျပန်ရောက်မြန်မာလုပ်သားတဦးကပြောပါတယ်။

ပြည်ပရောက်မြန်မာလုပ်သားတွေအနေနဲ့ စစ်ကောင်စီထံနိုင်ငံခြားငွေမရောက်စေချင်ရုံမကဘဲ တရားဝင်ဘဏ်က နေငွေလွှဲရင်ဗဟိုဘဏ်ပေါက်စျေးအတိုင်းသာရရှိပြီး ပြင်ပပေါက်စျေးထက်နည်းတဲ့အတွက်လည်း တခြားအဆင် ပြေရာနည်းလမ်းနဲ့ငွေလွှဲပို့မှုကိုသာပြုလုပ်ကြတယ်လို့သူတို့ကဆိုပါတယ်။

စစ်ကောင်စီကတော့ ပြည်ပရောက်မြန်မာလုပ်သားတွေတရားဝင်ဘဏ်ကနေငွေလွှဲရင် ဗဟိုဘဏ်ပေါက်စျေး အ ပြင်တဒေါ်လာကို ၃၀ကျပ်ထပ်ဆောင်းပေးမယ်ဆိုပြီး ပြီးခဲ့တဲ့နှစ်က စည်းရုံးခဲ့ပေမယ့် မထိရောက်ခဲ့ဘူးလို့ အလုပ် သမားတွေကပြောပါတယ်။

ဒါ့အပြင် တရားဝင်ငွေလွှဲရင်အခွန်ကင်းလွှတ်ခွင့်ပေးမယ်ဆိုတာမျိုးဆွဲဆောင်တာတွေရှိသလို တရားမဝင်ငွေလွှဲရင် အရေးယူမယ်ဆိုပြီးခြိမ်းခြောက်မှုတွေလည်းရှိနေတယ်လို့ ပြည်ပရောက်မြန်မာ အလုပ်သမားတွေကပြော ကြပါ တယ်။

လက်ရှိပြည်ပမှာတရားဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားဦးရေ နှစ်သန်းကျော်ရှိပြီး အများစုက ထိုင်း၊ မလေးရှား၊စင်္ကာပူ၊ ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေမှာရောက်ရှိနေကြကာ ပြည်ပရောက်မြန်မာလုပ်သား အများ အပြားဟာ အာဏာသိမ်းမှုဆန့်ကျင်ရေးနဲ့လှုပ်ရှားမှုတွေမှာလည်းပါဝင်နေကြပါတယ်။