ဝန်ကြီးချုပ် တင်မြှောက်ရေးကိစ္စ အထက်လွှတ်တော်နဲ့ ညှိဖို့ ထိုင်းနိုင်ငံရေး မဟာမိတ်တွေ စီစဉ်

ဇူလိုင် ၊၂၂

ဝန်ကြီးချုပ်သစ် တင်မြှောက်ရေးကိစ္စ ရုန်းကန်နေရတဲ့နောက် ထိုင်းမဟာမိတ် နိုင်ငံရေး အင်အားစုတွေဟာ ပြိုင်ဘက် ကွန်ဆာဗေးတစ် အထက်လွှတ်တော် အမတ်တွေနဲ့ ညှိနှိုင်းဖို့ စီစဉ်နေပါတယ်။

 မေလလယ် ရွေးကောက်ပွဲမှာ မဲအများဆုံး ရခဲ့တဲ့ Move Forward ပါတီ (MFP)ရဲ့ ခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ်ကို ဝန်ကြီးချုပ်အဖြစ် မဟာမိတ် ၈ ပါတီက လွှတ်တော်မှာ အဆိုတင်ခဲ့ပေမယ့် ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ်တွေရဲ့ အပြင်းအထန် ဆန့်ကျင်မှုကြောင့် လုံလောက်တဲ့ ထောက်ခံမဲ ပမာဏကို မရခဲ့ဘဲ ပီတာလည်း ဝန်ကြီးချုပ် ဖြစ်မလာခဲ့ပါဘူး။

 ဒါ့အပြင် ပီတာဟာ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲခံရပြီး လွှတ်တော်အမတ် အဖြစ်ကနေပါ ဆိုင်းငံ့ ခံလိုက်ရတဲ့နောက် အခြေအနေတွေက ပိုရှုပ်ထွေးသွားပါတယ်။ အခုသီတင်းပတ်ကုန်မှာတော့ ပီတာဟာ ဝန်ကြီးချုပ်အဖြစ် အရွေးခံဖို့ ဆက်ကြိုးစားတော့မှာ မဟုတ်ကြောင်း အတည်ပြုပြီး ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ မဟာမိတ် ဖျူထိုင်းပါတီ (PTP)ရဲ့ ဝန်ကြီးချုပ်လောင်းအတွက် နေရာဖယ်ပေးခဲ့ပါတယ်။

 PTPက တင်မြှောက်မယ့် ဘယ်ဝန်ကြီးချုပ်လောင်းကိုမဆို ထောက်ခံပေးသွားမယ်လို့လည်း MFPက ကြေညာပါတယ်။ MFPနဲ့ ပီတာအပေါ် ကွန်ဆာဗေးတစ် အထက်လွှတ်တော် အမတ် အများစုက တူးတူးခါးခါး ငြင်းဆိုခဲ့ကြတာဟာ ဘုရင်စနစ်ကို အလွန်အကျွံ ကာကွယ်ထားတဲ့ ဥပဒေ တရပ်ကို ပြင်ဆင်မယ်ဆိုတဲ့ ရွေးကောက်ပွဲကြို ကတိကြောင့် ဖြစ်ပါတယ်။ PTPကတော့ သူတို့ပါတီသာ အစိုးရ အဖွဲ့ကို ဦးဆောင်ခဲ့မယ်ဆိုရင် အဲဒီလို ဥပဒေ ပြင်ဆင်မှုမျိုး လုံးဝ လုပ်မှာ မဟုတ်ကြောင်း ပြောကြားထားတာကြောင့် အထက်လွှတ်တော်ဆီက ပိုမိုပျော့ပျောင်းတဲ့ လိုက်လျောမှုမျိုး ရနိုင်မယ်လို့ ယုံကြည်ရပါတယ်။

 ထိုင်းဝန်ကြီးချုပ်သစ် တင်မြှောက်ရေးအတွက် နောက်တကြိမ် မဲခွဲမှုကို ဇူလိုင် ၂၇ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး အဲဒီ မတိုင်ခင်မှာ PTP ဦးဆောင်တဲ့ နိုင်ငံရေး မဟာမိတ်တွေက အထက်လွှတ်တော် အမတ်တွေနဲ့ ဆွေးနွေးပြီး ဝန်ကြီးချုပ် တင်မြှောက်နိုင်ရေး လုံလောက်တဲ့ မဲအရေအတွက် ရရှိနိုင်အောင် ကြိုးစားသွားမယ်လို့ သိရပါတယ်။ လက်ရှိ အချိန်ထိတော့ PTPက ဝန်ကြီးချုပ်သစ်အဖြစ် ဘယ်သူ့ကို အဆိုတင်မလဲ ဆိုတာကို မဆုံးဖြတ်ရသေးပါဘူး။

 ထိုင်းအထက်လွှတ်တော် အမတ်တွေဟာ ရွေးကောက်ခံ ပုဂ္ဂိုလ်တွေ မဟုတ်ဘဲ စစ်အစိုးရလက်ထက်က ပြင်ဆင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ ဥပဒေအရ လွှတ်တော်ထဲ အခန့်သား ဝင်ထိုင်နေကြတာ ဖြစ်ပါတယ်။ အထက်လွှတ်တော်အမတ် ၂၅၀ ရယ်၊ ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ အောက်လွှတ်တော်အမတ် ၅၀၀ ရယ် ပူးပေါင်းပြီး ဝန်ကြီးချုပ်သစ်ကို မဲပေး ရွေးချယ်ရတာပါ။ ဝန်ကြီးချုပ် ဖြစ်လာမယ့်သူဟာ လွှတ်တော် နှစ်ရပ်ပေါင်း မဲပေးမှုရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ စုစုပေါင်း မဲအရအတွက် ၃၇၆ ခုထိ လိုအပ်ပါတယ်။

 ဝန်ကြီးချုပ်လောင်းအဖြစ် ပီတာ အဆိုပြု မဲခွဲမှု ခံယူခဲ့ချိန်တုန်းကတော့ လွှတ်တော် နှစ်ရပ်ပေါင်းမှာ စုစုပေါင်း ၃၂၄ မဲသာ ရရှိခဲ့ပြီး အထက်လွှတ်တော် အမတ်အများစုက မဲပေးဖို့ ပျက်ကွက်တာ၊ ကန့်ကွက်မဲ ပေးတာမျိုးတွေနဲ့ သူ့ကို ဆန့်ကျင်သွားခဲ့ကြပါတယ်။