မှတ်ပုံတင်မရှိဘဲ အွန်လိုင်းက ဈေးရောင်းသူတွေကို ခြောက်လကနေ သုံးနှစ်အထိ ထောင်ဒဏ်ချနိုင်တဲ့အမိန့် စစ်ကောင်စီစတင်ထုတ်ပြန်

ဇူလိုင်၊ ၂၁
 
ကုန်သွယ်ရေး ဦးစီးဌာနမှာ မှတ်ပုံတင်လက်မှတ်မလျှောက်ဘဲ အွန်လိုင်းအရောင်း အဝယ်လုပ်သူတွေကို အနည်းဆုံး ခြောက်လကနေ အများဆုံး သုံးနှစ်အထိချမှတ်နိုင်မယ့် စည်းကမ်းသတ်မှတ်ချက်တွေ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အွန်လိုင်းစနစ်နဲ့ အရောင်းအဝယ် ပြုလုပ်ခြင်းဆိုင်ရာ အမိန့်တရပ်ကို ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လာတာဖြစ်ပါတယ်။
 
အဲ့ဒီအမိန့်စာအရ အွန်လိုင်းစနစ်နဲ့ ကုန်စည်တွေရောင်းချတဲ့ လုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေအနေနဲ့ မှတ်ပုံတင်လက်မှတ် လျှောက်ထားရမှာဖြစ်ပြီး မှတ်ပုံတင်လက်မှတ် မရှိဘဲ အွန်လိုင်းစနစ်နဲ့ ရောင်းချမှု လုပ်ကိုင်ရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၅) အရ အရေးယူခံရမယ်လို့ ဖော်ပြထားပါတယ်။
 
အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၅) မှာ ပြစ်မှုထင်ရှား စီရင်ခံရသူကို အနည်းဆုံး ထောင်ဒဏ်ခြောက်လကနေ အများဆုံးသုံးနှစ်အထိ ချမှတ်ရမယ့်အပြင် ကျပ်ငါးသိန်းထက် မပိုတဲ့ ငွေဒဏ်လည်း ချမှတ်ဖို့ ပြဌာန်းထားပါတယ်။
 
အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လိုသူဟာ သတ်မှတ်ပုံစံတွေ ဖြည့်သွင်းပြီး အွန်လိုင်းစနစ်နဲ့ပဲ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမှာဖြစ်တယ်လို့ ဒီကနေ့ စစ်ကောင်စီက ထုတ်ပြန်လာတဲ့အမိန့်စာမှာ ဖော်ပြထားပါတယ်။
 
အွန်လိုင်းစနစ်နဲ့ ရောင်းချမှုလုပ်ငန်း လုပ်ကိုင်ဖို့အတွက် မှတ်ပုံတင်လက်မှတ်လျှောက်ထားရာမှာ ကုမ္ပဏီ ဒါမှမဟုတ် စီးပွားရေး အဖွဲ့အစည်းဆိုရင် တည်ဆဲဥပဒေတရပ်ရပ်အရ တည်ထောင်ထားတာ၊ ကိုယ်ပိုင်အမည် သတ်မှတ်ချက်နဲ့ တရားဝင် ဝက်ဘ်ဆိုက်ရှိတာ၊ လုပ်ငန်းလုပ်ကိုင်မယ့်နေရာကို တင်ပြနိုင်တာ စတဲ့သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့ လိုတယ်လို့ ဆိုပါတယ်။
 
တဦးတယောက်ချင်းအနေနဲ့ မှတ်ပုံတင်လက်မှတ်လျှောက်မယ်ဆိုရင်တော့ အစိုးရဌာန၊ အဖွဲ့အစည်းတွေက ကြေညာထားတဲ့ အမည်ပျက်စာရင်းတွေထဲမှာ မပါဝင်သူ၊ နိုင်ငံတွင်းမှာ နေထိုင်ပြီး ၁၈ နှစ်ပြည့်ပြီးသူ၊ လုပ်ငန်းလုပ်ကိုင်မယ့်နေရာကို တင်ပြနိုင်သူ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။
 
အဲ့ဒီမှတ်ပုံတင်လက်မှတ် လျှောက်ထားရမယ့်ပုံစံ၊ မှတ်ပုံတင်ကြေးနဲ့ ဝန်ဆောင်ခတွေကိုတော့ ကုန်သွယ်ရေးဦးစီးဌာနက သတ်မှတ်မှာဖြစ်ပြီး လက်ရှိမှာ ဘယ်လိုသတ်မှတ်မယ်ဆိုတာ မသိရသေးပါဘူး။ ဒါ့အပြင် ဒီအမိန့် ကြေညာချက်ဟာ ဘယ်နေ့မှာ စတင်အသက်ဝင်မယ်ဆိုတာလည်း ဖော်ပြထားတာ မရှိသေးပါဘူး။
 
မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိထားသူတွေအနေနဲ့ စာသုံးသူက တိုင်ကြားလာပါက ဥပဒေအရ ကာကွယ်ခုခံပိုင်ခွင့်၊ လုပ်ငန်းနဲ့ပတ်သက်ပြီး တရားဝင်အရေးဆိုတင်ပြပိုင်ခွင့်၊ အရောင်းအဝယ်ပြုလုပ်ရာမှာ သဘောတူညီချက်တန်ဖိုးအတိုင်း ငွေပေးချေမှုကို လက်ခံရယူခွင့် စတဲ့အခွင့်အရေးတွေ ခံစားနိုင်မယ်လို့ ဆိုပါတယ်။
 
အလားတူ ရောင်းချတဲ့ ကုန်စည်၊ ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး တာဝန်ယူဖြေရှင်းပေးတာ၊ မှန်ကန်တဲ့ သတင်းအချက်အလက်နဲ့ အာမခံချက်တွေ ပေးတာ၊ အရည်အသွေးပြည့်မှီရေး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့စတာတွေ အပါအဝင် မှတ်ပုံတင်လက်မှတ် ရရှိလုပ်ကိုင်သူအနေနဲ့ တာဝန်ခံရမယ့် အချက်တွေကိုလည်း ဖော်ပြထားပါတယ်။
 
လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ အခြေခံ စားသောက်ကုန်တွေကနေ မြေကွက်၊ ရွှေငွေလက်ဝတ်ရတနာတွေအထိ အွန်လိုင်းကတဆင့် ရောင်းချဝယ်ယူမှု လုပ်ငန်းတွေ အားကောင်းနေသလို အနုပညာရှင်တွေကလည်း အွန်လိုင်းကနေ ရောင်းချပေးတာမျိုးတွေ ပြုလုပ်နေကြတာပါ။
 
စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အွန်လိုင်းစနစ် ရောင်းချခြင်းဆိုင်ရာ အမိန့်စာမှာ စုစုပေါင်း ပြဌာန်းချက် အခန်း (၈)ခန်းနဲ့ ပုဒ်မ ၂၄ ခု ပါဝင်ပါတယ်။
 
အဲ့ဒီဝန်ကြီးဌာနက အခုလို ထုတ်ပြန်မလာမီ အခုလအတွင်းကပဲ စစ်ကောင်စီက အွန်လိုင်းရောင်းချမှုလုပ်ငန်းကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဆိုင်ရာဥပဒေနဲ့ သက်ဆိုင်တဲ့လုပ်ငန်းအဖြစ် သတ်မှတ်ကာ သက်ဆိုင်တဲ့ဝန်ကြီး ဌာနကို ဆက်လက်ဆောင်ရွက်ဖို့ လွှဲအပ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
 
ဓာတ်ပုံ – Social Media