ကော်သူးလေတပ်မတော်က ပစ်ခတ်လို့ KNU တပ်မဟာ ၄ ဗိုလ်မှူးအပါအဝင် နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

ဇူလိုင်၊ ၂၁
 
ကော်သူးလေတပ်မတော်(KTLA)က ပစ်ခတ်တိုက်ခိုက်တာကြောင့် KNU တပ်မဟာ ၄ လက်အောက်ခံ (KNLA)က စစ်ဘက်ရေးရာကွပ်ကဲရေးမှူး ဗိုလ်မှူးစောဖိုးစီ နဲ့ တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) က သတင်းထုတ်ပြန်ပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်၊ မနက် ၁၁ နာရီခွဲလောက်မှာ ဗိုလ်မှူးစောဖိုးစီနဲ့ KNLA တပ်ရင်း ၂၇ က တပ်ဖွဲ့ဝင်တချို့ သမီးကော်ရွာကနေ ကားနှစ်စီးနဲ့ ထွက်လာတဲ့အချိန် ထားဝယ်မြို့နယ်၊ ဖောင်းတောရွာအနီး KTLA တပ်ဖွဲ့ဝင်တွေက စောင့်ကြိုပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
 
ကော်သူးလေတပ်မတော် (KTLA)ဘက်ကလည်း အဲဒီလို ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာ မှန်ကန်ကြောင်းနဲ့ တော်လှန်ရေးအတွက် အနှောင့်အယှက်ပေးနေတာတွေရှိလို့ အခုလို ပစ်ခတ်တာလို့လည်း အတည်ပြုပြောကြားပါတယ်။
 
” ကျနော်တို့တပ်ဖွဲ့ဝင်တွေ ပစ်ခတ်တယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ တော်လှန်ရေးအတွက် နှောင့်ယှက်ပေးလာရင် ကျနော်တို့က သူ့လူမျိုး၊ ကိုယ့်လိုမျိုးတွေ ခွဲနေမှာမဟုတ်ဘူး။ ကျနော်တို့ကို မနှောင့်ယှက်ဖို့ တောင်းဆိုတာတွေ သတိပေးတာတွေ အကြိမ်ကြိမ်လုပ်ခဲ့ပြီးပြီ ” လို့ ကော်သူးလေတပ်မတော် ဆာကဆောတပ်မ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းက DNA ကို ပြောပါတယ်။
 
အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ်မေးမြန်းနိုင်ဖို့ KNLA ဗဟိုစစ်ဦးစီးဌာနချုပ်ကို Delta News Agency သတင်းဌာနက က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
 
ပစ်ခတ်ခံရတဲ့နေရာဟာ KNLA တပ်ရင်း ၁၂ ရဲ့ စိုးမိုးနယ်မြေဖြစ်ပေမယ့် အဲဒီနေရာမှာ ဗိုလ်ကော်လဖိုး ဦးဆောင်တဲ့ KTLA ဆာကဆောတပ်မက တပ်ဖွဲ့ဝင်တွေ လှုပ်ရှားမှုလည်းရှိတာကြောင့် မသွားခင်ကတည်းက ကြိုတင်အကြောင်းကြားခဲ့တယ်လို့ KNLA က ထုတ်ပြန်ထားပါတယ်။
 
အဲဒီလိုအကြောင်းကြားတဲ့အချိန် KTLA ဘက်က တိုက်ခိုက်တာ မလုပ်ဘူးလို့ အကြောင်းပြန်ခဲ့တယ်လို့ KNLA ဘက်က ပြောဆိုထားပေမယ့် ကော်သူးလေတပ်မတော် ဆာကဆောတပ်မ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံကတော့ အဲဒီအခြေအနေကို အသေးစိတ်မသိရဘူးလို့ ပြောပါတယ်။
 
” မြေပြင်တပ်မှူးတွေဆီကနေ အဲသတင်းတော့ ကျနော်တို့ဆီ မရောက်လာဘူး၊ ဒါကြောင့် အဲဒါကိုတော့ မသိရသေးဘူး ” လို့ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းက ပြောပါတယ်။
 
ကော်သူးလေတပ်မတော်ဘက်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်က မေတ္တာ-ထီးခီး လမ်းပိုင်း တနေရာမှာ သူတို့တပ်ဖွဲ့ဝင်တွေကို KNU တပ်မဟာ ၄ ၊ တပ်ရင်း ၁၀ က တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကလည်း ထားဝယ်-ထီးခိီးနယ်စပ် လမ်းပိုင်း ဝါးတောရွာအနီးမှာ KNU တပ်မဟာ ၄ က တပ်ဖွဲ့ဝင်တွေနဲ့ ကော်သူးလေ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကော်သူးလေ တပ်မတော်ဘက်က တဦး ကျဆုံးခဲ့တယ်လို့ဆိုပါတယ်။
 
အဲဒီတိုက်ခိုက်မှုတွေနဲ့ပတ်သတ်ပြီး DNA သတင်းဌာနကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
တနင်္သာရီတိုင်းမှာ အခြေစိုက်တဲ့ ကော်သူးလေတပ်မတော်၊ ဆာကဆောတပ်မကိုတော့ KNU တပ်မဟာ ၄ ၊ တပ်ရင်း ၁၀ ရဲ့ တပ်ဖွဲ့ဝင်ဟောင်း ဗိုလ်ကော်လဖိုး ဦးဆောင်ပြီး PDF တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေပါတယ်။
 
ဒေသတွင်း သတင်းမီဒီယာတခုဖြစ်တဲ့ Dawei Watch ရဲ့ ဖော်ပြချက်အရတော့ ဖေဖော်ဝါရီလ ၁ ရက်ကနေ လက်ရှိအချိန် အဲဒီတပ်ဖွဲ့နှစ်ခုအကြား ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုဟာ ခုနစ်ကြိမ်ထက်မနည်း ရှိပြီလို့ သိရပါတယ်။
 
တနင်္သာရီတိုင်းအတွင်းရှိ ကရင်လူမျိုးတွေအပါအဝင် ကရင်အဖွဲ့အစည်း ၄၆ ဖွဲ့ကတော့ ကရင်လက်နက်ကိုင်နှစ်ဖွဲ့ ပဋိပက္ခဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာကြဖို့ ထုတ်ပြန်တောင်းဆိုဖူးပါတယ်။