ပုဂံမှာ အဝါရောင်မပြောင်းတဲ့ မီနီအိုးဝေတွေကို ဖမ်းဆီးပြီး စစ်အုပ်စုက ငွေရှာနေ

ဇူလိုင်၊ ၂၁
 
မန္တလေးတိုင်းအတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်မြို့တော် ပုဂံ မှာပြေးဆွဲနေတဲ့ မီနီအိုးဝေ (သုံးဘီး) တွေကို ဆေးအဝါရောင် မပြောင်းရသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးပြီး ငွေကြေးတောင်းခံတာတွေ လုပ်နေတယ်လို့ ဒေသခံတွေနဲ့ ယာဉ်မောင်းတွေက ဆိုပါတယ်။
 
မီနီအိုးဝေ သုံးဘီးအငှါးယာဉ်တွေကို ဆေးအဝါရောင် ပြောင်းလဲသုတ်ဖို့ ပြီးခဲ့တဲ့ မတ်လကတည်းက စစ်အုပ်စုလက်အောက်ခံ တိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီက အသိပေးကြေညာချက်တွေ ထုတ်ပြန်ခဲ့ပြီးနောက် အခုလိုပဲဖမ်းဆီးမှုတွေ စတင်လုပ်ဆောင်လာတာပါ။
 
“ ဒီအပတ်ထဲမှာ စတင်ပြီးတော့ အဖမ်းခံရတာတွေ ရှိလာတာပဲ။ တမင် မပြောင်းကြတာတော့ မဟုတ်ဘူးလေ။ တချို့ကျတော့လည်း ဒီကာလ ဧည့်သည်လည်း မရကြတော့ ငွေကြေးမတက်နိုင်သေးလို့ မလုပ်နိုင်သေးတဲ့ သူလည်း ရှိတယ်။ ဆေးပြောင်းမယ်ဆိုရင်လည်း ကုန်ကျစရိတ်က သိန်းချီကုန်မှာဆိုတော့ မတတ်နိုင်ကြဘူး “ လို့ မီနီအိုးဝေ အငှါးယာဉ်မောင်း တဦးက ပြောပါတယ်။
 
ပုဂံဒေသမှာ ယခုလ တတိယအပတ်အတွင်းမှာ ကားကြီးကွင်းအနီးမှာ လေးစီး နဲ့ ညောင်ဦးမြို့ဖက်မှာ ခြောက်စီး စုစုပေါင်း ဆယ်စီး ဖမ်းဆီးခံခဲ့ရပြီး ဒဏ်ငွေဟုဆိုကာ ငွေကျပ် ငါးသောင်း ပေးပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
စစ်အုပ်စုက ပြောင်းလဲခိုင်းထားတဲ့ ဆေးအဝါရောင်ပြောင်းလဲရင် မီနီအိုးဝေတစီးကို ကျပ်သုံးသိန်းမျှ ကုန်ကျစရိတ်ရှိပြီး အဝါရောင်စတေကာ ပြောင်းလဲကပ်ရင် ကျပ်တသိန်းခွဲခန့် ကုန်ကျစရိတ်ရှိတယ်လို့ သိရပါတယ်။
 
“ အခုလောလောဆယ်တော့ ကျနော်က အဝါရောင်စတေကာပဲ ကပ်ထားတယ်။ ဒါတောင် တသိန်းကျော်လောက် ကျွတ်သွားတယ်။ စတေကာကပ်လို့ ရ၊ မရတော့ မသိဘူး ဆေးပဲလက်ခံတာဆိုရင်တော့ မတက်နိုင်ဘူးပေါ့ဗျာ ပြန်ပြောင်းရမှာပေါ့။ လိုင်စင်သက်တမ်းတိုးရင်တော့ ဆေးအဝါရောင်မှ ရမှာပေါ့။ သုံးဘီးတွေ စသွင်းကတည်းက ရောင်စုံသွင်းတာကိုဗျ။ သွင်းကတည်းက အဝါပဲသွင်း ဆိုရင်တော့ အခုအပိုမကုန်ဘူးပေါ့ဗျ။ အခုကျတော့ အော်ရယ်ဂျင်နယ်ဆေးကို ပြန်ပြောင်းသုတ်နေရတယ် “ လို့ မီနီအိုးဝေယာဉ်မောင်းတဦးက ပြောပါတယ်။
 
အဲဒီလို ဆေးအဝါရောင်မပြောင်းရသေးတဲ့ မီနီအိုးဝေတွေကို လက်ရှိစစ်အုပ်စုလက်အောက်ခံ ယာဉ်ထိန်းရဲအပါအဝင် ရဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စတဲ့ဌာနဆိုင်ရာပေါင်းစုံက စုပေါင်းပြီး ဖမ်းဆီးငွေကြေးတောင်းခံနေတာလို့ ဆိုပါတယ်။
 
မန္တလေးတိုင်း ယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီက ဇွန်လ ၃၀ ရက်နောက်ဆုံးထားပြီး မီနီအိုးဝေတွေ ဆေးအဝါရောင်ပြောင်းလဲရန်နဲ့ မပြောင်းလဲတဲ့ သုံးဘီးယာဉ်တွေကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းလိုင်စင် ရပ်စဲသွားတဲ့အထိ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
 
မြို့ပြအင်္ဂါရပ်နှင့်အညီ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျရှိစေရန်၊ ခရီးသည်များ လုံခြုံစိတ်ချစွာဖြင့် သွားလာမှု အဆင်ပြေစေရန်၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆေးရောင်တရောင်တည်း အဝါရောင် (ကုဒ်နံပါတ်-455)ကို တပြေးညီပြောင်းလဲကြဖို့ ဆိုထားတာပါ။
 
လက်ရှိပုဂံကို ပြည်ပခရီးသွားဧည်သည့် မရှိသလောက်ဖြစ်နေသလို ပြည်တွင်းခရီးသွား အနည်းငယ်သာ လာရောက်ကြတဲ့အတွက် မီနီအိုးဝေမောင်းနှင်းသူတွေမှာ ခရီးသည်မရတဲ့ ပြဿနာနဲ့ ဆိုင်နေကြရပြီး စက်သုံးဆီ စျေးနှုန်းကြီးမားမှုကြောင့် အထွေထွေကုန်ကျစရိတ်တွေ တက်လာတယ်လို့ မီနီအိုးဝေ အငှါးယာဉ်မောင်းတွေက ဆိုပါတယ်။
 
“ ခရီးသည်က ပြောသလောက်ကြီး မကျဘူး။ သူ့ဘာသာ လိုက်ထရက်လေးနဲ့ နည်းပါးပါးလာတာ မြင်တယ်။ ကျနော်တို့က သုံးဘီးသမားဆိုတော့ ပါးပါးပဲ လိုက်ကြရတယ်။ ဧည့်သည့်မကျတဲ့ကြားကဗျ မရှိတဲ့ကြားက လုပ်ပေးနေရတယ်။ အခုမှာ အကုန်တိုင်ပတ်နေကြတယ် “ လို့ မီနီအိုးဝေယာဉ်မောင်တဦးက ဆိုပါတယ်။
 
ပုဂံဒေသမှာ ယခင်က ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်တွေက ဘုရားစုံဖူးဖို့အတွက် E-Bike လို့ခေါ်တဲ့ လျှပ်စစ်စက်ဘီးတွေကို အသုံးပြုကြပေမယ့် အခုနောက်ပိုင်း လူလေးငါးယောက် စုသွားနိုင်တဲ့ မီနီအိုးဝေတွေကို ပြောင်းလဲ အသုံးပြုလာကြတာလို့ ဒေသခံတွေက ဆိုကြပါတယ်။
 
မီနီအိုးဝေ မောင်းနှင်းသူတွေက ခရီးသယ်တွေကို ဧည့်လမ်းညွှန် လုပ်ပေးတာတွေအပါအဝင် အလှဓာတ်ပုံရိုက်ပေးရတာတွေ ရှိတက်သလို ငှါးရမ်းခအဖြစ် ခရီးစဉ်အပေါ်မူတည်ပြီး တရက်လျှင် ကျပ်နှစ်သောင်းကနေ ကျပ်ငါးသောင်းအထိ စျေးနှုန်းရှိတယ်လို့ သိရပါတယ်။
 
မန္တလေးတိုင်းအတွင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန (ကညန)မှာ တရားဝင် မှတ်ပုံတင်ထားတဲ့ မီနီအိုးဝေအစီးရေ တသိန်းကျော်ရှိပြီး အဲဒီအငှါးယာဉ်တွေကို လုပ်ငန်းလိုင်စင်အဖြစ် “ဂ” (စင်းလုံးငှား) လုပ်ငန်းလိုင်စင်သတ်မှတ် ထုတ်ပေးနေတာလို့ သိရပါတယ်။
 
ဓာတ်ပုံ – Social Media