စစ်ကောင်စီ ဝန်ကြီးတွေနဲ့ စစ်ထောက်ချုပ်တို့ ပါဝင်လာတဲ့ အရေးယူ ပိတ်ဆို့မှုအသစ်ကို ဥရောပ သမဂ္ဂ ကြေညာ

ဇူလိုင်၊ ၂၁

အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ ဆက်စပ် အဖွဲ့အစည်းနဲ့ စီးပွားရေး လုပ်ငန်းတွေကို ဥရောပ သမဂ္ဂက အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်နေရာမှာ နောက်ထပ် လူပုဂ္ဂိုလ် ၆ ဦးနဲ့ အစိုးရ ဌာန ၁ ခုကိုပါ ပိတ်ပင်မှု စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

ဇူလိုင် ၂၀ ညပိုင်းမှာ ဥရောပ သမဂ္ဂက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရေးယူ ပိတ်ဆို့မှု သတ္တမအသုတ် စာရင်းတွေ ထုတ်ပြန်ခဲ့ရာမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စု ဝန်ကြီး ၃ ဦးနဲ့ အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဌာနတို့ ပါဝင်လာတာကို တွေ့ရပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပြည်သူတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်တိုက် ကျူးလွန်နေဆဲ ဖြစ်တဲ့အတွက် ထိရောက်တဲ့ တုံ့ပြန်မှုတွေအဖြစ် အခုလို အရေးယူတာလို့ ဥရောပ သမဂ္ဂက ပြောပါတယ်။

ဥရောပ သမဂ္ဂရဲ့ သတ္တမအကြိမ်မြောက် ထုတ်ပြန်တဲ့ အရေးယူမှု စာရင်းမှာ ပါဝင်လာတဲ့ လူပုဂ္ဂိုလ်တွေကတော့ လူဝင်မှု ကြီးကြပ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမား ဝန်ကြီး ဦးပွင့်ဆန်း၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းတို့ ဖြစ်ပါတယ်။ နောက်ပြီး စစ်ကောင်စီ အဖွဲ့ဝင်တွေထဲက ဦးအောင်ကျော်မင်းနဲ့ ပိုးရယ် အောင်သိန်းတို့ရဲ့ နာမည်တွေအပြင် စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းရဲ့ နာမည်ပါ ပိတ်ဆို့ အရေးယူမှု စာရင်းထဲ ပါဝင်လာတာ တွေ့ရပါတယ်။

အစိုးရ လက်အောက်ခံ အမှတ် ၂ သတ္တုတွင်း လုပ်ငန်းကတော့ အာဏာသိမ်း စစ်တပ်အတွက် ဝင်ငွေရင်းမြစ် လမ်းကြောင်းတွေ ရှာဖွေပေးနေတာကြောင့် အရေးယူ ပိတ်ဆို့မှု ခံရတာ ဖြစ်ပါတယ်။ အခုဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ် ၉၉ ဦးနဲ့ အဖွဲ့အစည်း ၁၉ ခုထိ ဥရောပ သမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့မှုကို ခံထားရပြီးပါပြီ။

ပိတ်ဆို့မှု နာမည်ပျက် စာရင်းမှာ ပါဝင်သွားသူတွေဟာ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေမှာ ထားရှိတဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ခံရတာ၊ ဥရောပ သမဂ္ဂ နယ်နိမိတ်ထဲ ခရီးသွားလာတာ၊ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံသားတွေနဲ့ ငွေကြေးကိစ္စ ဆက်နွှယ်ဆောင်ရွက်တာတွေကို တားမြစ်ခံရမှာ ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂဟာ တခြားပိတ်ဆို့ရေး အစီအမံတွေအဖြစ် မြန်မာနိုင်ငံကို စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ စစ်ဘက်နဲ့ အရပ်ဖက်သုံး ဆက်သွယ်ရေးနဲ့ ထောက်လှမ်းရေး ပစ္စည်းတာတွေ တင်သွင်းတာကို တားမြစ်ထားပြီး မြန်မာစစ်တပ်ကို လေ့ကျင့် သင်တန်းပေးမှုတွေကိုပါ ရပ်ဆိုင်းထားလိုက်ပါတယ်။

ဥရောပ သမဂ္ဂက အာဏာသိမ်း မြန်မာစစ်တပ်အနေနဲ့ ပြည်တွင်းမှာ အကြမ်းဖက်မှုတွေ ဆက်လက် ကျူးလွန်နေတာကို ရှုတ်ချခဲ့ပြီး အရပ်သားတွေကိုပါ ခွဲခြားမှု မရှိဘဲ ရန်လို တိုက်ခိုက်နေတာတွေ ရပ်တန်းက ရပ်ဖို့လည်း တောင်းဆိုသွားခဲ့ပါတယ်။

 

Ref: Europa Concilium