နာဂဒေသ နန်းယွန်းမြို့နယ်မှာ ဆန်ပြတ်လပ်လို့ ပြောင်းဆန်ကို စားသုံးနေရ

ဇူလိုင်၊ ၂၀
 
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ဆန်ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေသလို ဆန်ဈေးနှုန်းတွေပါ အဆမတန် မြင့်တက်နေတယ်လို့ နန်းယွန်းမြို့ ဒေသခံတဦးကDNA ကို ပြောပါတယ်။
 
“ တမြို့နယ်လုံး ဆန်အခက်အခဲ ဖြစ်နေကြတာပေါ့၊ ဆန်မလုံလောက်တော့ ဒေသခံအများစုက ပြောင်းဆန်ကို ပြန်စားနေကြရတယ် ” လို့ သူကပြောပါတယ်။
 
ရာသီဥတုကြောင့် လမ်းတွေပျက်စီးနေတဲ့အပြင် နန်းယွန်းမြို့နယ်အတွက် အဓိကုန်စည်စီးဆင်းမှုလမ်းကြောင်း ဖြစ်တဲ့ ကချင်ပြည်နယ် ရှင်ဗွေယန်မြို့ အနီးက တံတားတစင်းလည်း ကျိုးသွားတာကြောင့် လက်ရှိဇူလိုင်လဆန်းပိုင်းကစလို့ ဆန်ပြတ်လပ်မှု ဖြစ်နေတာလို့ သိရပါတယ်။
 
“ ကားလမ်းတွေ ပျက်စီးတဲ့အပြင် တံတားပါ ကျိုးသွားတော့ ကုန်စည်စီးဆင်းမှု ရပ်သွားတာ ” လို့ နန်းယွန်းဒေသခံက ပြောပါတယ်။
 
လက်ရှိမှာ နန်းယွန်းမြို့နယ်အတွင်း ဆန်ပြတ်လပ်မှုတွေကြောင့် အရင်က ကျပ်တသိန်းဝန်းကျင်ရှိတဲ့ ဆန်တအိတ်ကို အခု ကျပ်တသိန်းခုနစ်သောင်း လောက်အထိ ဈေးနှုန်းမြင့်တက်လာတဲ့အပြင် လိုသလောက်လည်း ဝယ်မရဘူးလို့ ဆိုပါတယ်။
 
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ အာဏာသိမ်းစစ်တပ်ရဲ့အုပ်ချုပ်ရေးဌာနတွေ ပုံမှန်လည်ပတ်နေတဲ့ ဒေသဖြစ်ပေမယ့် လက်ရှိ နန်းယွန်းမြို့နယ်အတွက် အရေးပါတဲ့ လမ်းကြောင်းပေါ်က တံတား ရာသီဥတုကြောင့် ကျိုးကျပျက်စီးနေတာကိုတော့ ပြုပြင်ပေးခြင်းမရှိသေးဘူးလို့ အဲဒီဒေသခံက ပြောပါတယ်။
 
နန်းယွန်းဒေသဟာ ထွန်ယက်စိုက်ပျိုးနိုင်လောက်တဲ့ လယ်ယာမြေမရှိဘဲ တောင်ယာစပါးကိုသာ အဓိကအားထား စိုက်ပျိုးနေရတဲ့ ဒေသဖြစ်သလို ပြီးခဲ့တဲ့နှစ်က တောင်ယာစပါးအထွက်နည်းခဲ့တာကြောင့် တခြားဒေသက ဆန်တွေကို ဈေးကြီးပေး ဝယ်ယူနေရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဒီဒေသဟာ စစ်ကိုင်းတိုင်း နယ်နိမိတ်ထဲမှာ ပါဝင်ပေမယ့် အနောက်ဘက်မှာ အိန္ဒိယမြန်မာ နယ်စပ် တောင်တန်းဒေသတွေသာ ရှိနေပြီး အနီးစပ်ဆုံး ကုန်စည်စီးဆင်းမှုလမ်းကြောင်း အဖြစ် နန်းယွန်းမြို့နဲ့ မိုင်သုံးဆယ်ကျော်အကွာက ကချင်ပြည်နယ် ရှင်ဗွေယန်မြို့သာ ရှိနေတာပါ။
 
ဆန်အပါအဝင် လူသုံးကုန်နဲ့ အခြားကုန်ပစ္စည်းတွေကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ လီဒိုလမ်းမကြီး အတိုင်း တနိုင်း-ရှင်ဗွေယန်မြို့ တွေကနေတဆင့် အဓိက တင်သွင်းနေရတာဖြစ်ပါတယ်။ အရင်ကလည်း နန်းယွန်းမြို့နဲ့ ရှင်ဗွေယန်မြို့ကြားမှာ မြေပြိုတာနဲ့ လမ်းပိုင်းပျက်စီးမှုတွေ ဖြစ်လေ့ရှိတာကြောင့် ကုန်စည်ဈေးနှုန်းတွေ မြင့်တက်မှု မကြာမကြာဖြစ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အာဏာသိမ်းပြီးနောက် KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ စစ်ကောင်စီက ကချင်ပြည်နယ်အတွင်းမှာ ဆန်နဲ့ စက်သုံးဆီတွေ တင်သွင်းရောင်းချခွင့် ကန့်သတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှုအတွက် ကချင်ပြည်နယ်လမ်းကြောင်းကို အဓိကထားနေရတဲ့ နန်းယွန်းဒေသကိုလည်း ရိုက်ခတ်မှု ရှိလာပါတယ်။
 
အဲဒီအခြေအနေတွေကြောင့် ဆန်နဲ့ စားနပ်ရိက္ခာတွေအပါအဝင် တခြားကုန်စည်တွေ ဈေးနှုန်းမြင့်တက်ခဲ့ရာက လက်ရှိမှာ လမ်းပန်းဆက်သွယ်ရေးပါ ပြတ်တောက်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဆန်ကို လိုသလောက်ဝယ်ယူဖို့တောင် အခက်တွေ့နေကြရတာပါ။
နန်းယွန်းဒေသခံအများစုဟာ အရင်က ပြောင်းဆန်ကိုသာ အဓိက စိုက်ပျိုးစားသုံးခဲ့ရာကနေ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာတော့ တောင်ယာစပါးကို စတင်စိုက်ပျိုး စားသုံးလာကြတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက် တနှစ်အကြာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ မှာပြုလုပ်ခဲ့တဲ့ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားလုပ်ဆောင်ပေးသွားမယ်လို့ ပြောဆိုခဲ့ပါသေးတယ်။
 
စစ်ကိုင်းတိုင်းမြောက်ဖျားက နန်းယွန်းမြို့နယ်ဟာ ဆောင်းရာသီနဲ့ မိုးရာသီသာ ရှိတဲ့ ဒေသတခုဖြစ်ကာ ကျေးရွာပေါင်း တရာကျော်ရှိပြီး စုစုပေါင်း လူဦးရေ ငါးသောင်းခွဲလောက် နေထိုင်တယ်လို့ ၂၀၁၉ ခုနှစ် အုပ်ချုပ်ရေးဌာနဆိုင်ရာ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။