ဇူလိုင်၊ ၂၀
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွင့်လှစ်ထားတဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank)ကို လာမယ့် သြဂုတ်လနှောင်းပိုင်းမှာ ကမ္ဘာတဝှမ်းက သုံးစွဲသူတွေ စတင်အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ဘဏ်တာဝန်ရှိသူတွေထံကနေ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဒစ်ဂျစ်တယ်ဘဏ် တခုဖြစ်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို လာမယ့် ဇူလိုင်လ ၂၂ ရက်မှာ အသုံးပြုသူ တထောင်၊ ကြီးကြပ်သူဦးရေ တရာနဲ့ စမ်းသပ်အသုံးပြုမှာဖြစ်ပြီး သြဂုတ်လနှောင်းပိုင်းမှာတော့ သုံးစွဲသူတွေ အပြည့်အဝ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ဘဏ်ပြောရေးဆိုခွင့်ရှိသူ ဦးကယ်လ်ဗင်က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုသွားတာပါ။
” အစပိုင်း System (နည်းစနစ်) မှာတော့ Perfect ဖြစ်ချင်မှဖြစ်ဦးမယ်၊ တတ်နိုင်သလောက် အတူတကွ လက်တွဲပြီးတော့ စိတ်ရှည်လက်ရှည်နဲ့ ကျနော်တို့ ဒီ System ကို whole version launch date (အသုံးပြုနိုင်မယ့်နေ့) ကတော့ သြဂုတ်လအကုန်မှာ Plan (စီစဉ်)လုပ်ထားတဲ့နေ့ကျရင်တော့ တကယ်ကို Ready (အဆင်သင့်)ဖြစ်နိုင်မယ်လို့ ကျနော်တို့ဘက်ကလည်း target (ရည်ရွယ်) လုပ်ထားပါတယ် ” လို့ ဦးကယ်လ်ဗင်က ပြောပါတယ်။
အဲဒီ နွေဦးဖွံ့ဖြိုးရေးဘဏ်မှာ ပထမခြောက်လအတွင်း ဘဏ်အကောင့်ဖွင့်လှစ်အသုံးပြုသူ တသိန်းအထိ ရှိဖို့ မျှော်မှန်းထားပြီး နောက်ခြောက်လအကြာမှာတော့ အသုံးပြုသူ ငါးသိန်းအထိရှိဖို့ ရည်ရွယ်ထားတယ်လို့ ဘဏ်ရဲ့ စီမံခန့်ခွဲမှု အမှုဆောင်အရာရှိလည်းဖြစ်သူ ဦးကယ်လ်ဗင်က ဆက်ပြောပါတယ်။
အမေရိကန်ဒေါ်လာ ငါးသိန်း မတည် တည်ထောင်မယ့် အဲဒီဘဏ်ကို နိုင်ငံခြားငွေတွေ အပါအဝင် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဘဏ်တွေကို ငွေကြေးစီးဝင်တာ ရပ်တန့်စေဖို့နဲ့ တော်လှန်ရေးအတွက် ဘဏ္ဍာငွေရှာဖွေတာ၊ အခွန်ကောက်ခံတာတွေ လုပ်ဆောင်နိုင်ဖို့ အဓိကရည်ရွယ်ပြိီး ထူထောင်တာဖြစ်တယ်လို့ သိရပါတယ်။
အစုရှယ်ယာတခုရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၀ ဒဿမ ၀၀၀၁ ဒေါ်လာ (တဒေါ်လာကို သုံးထောင်ကျပ်နဲ့တွက်ပါက မြန်မာငွေ ပြားသုံးဆယ်) ၊ ရှယ်ယာအရေအတွက် တရာဘီလီယံ ထားရှိမှာဖြစ်ပြီး အနည်းဆုံး အစုရှယ်ယာ ဘယ်နှစ်ခု ဝယ်ယူရမယ်၊ ဘယ်လိုဝယ်ယူရမလဲ ဆိုတာကိုတော့ ပြန်လည်ကြေညာမယ်လို့ ဦးကယ်လ်ဗင်က ပြောပါတယ်။
အဲဒီဘဏ်မှာ ပဏာမအဆင့်အနေနဲ့ကတော့ မြန်မာကျပ်ငွေ၊ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာနဲ့ ထိုင်းဘတ်ငွေတွေ အပ်နှံတာ၊ ငွေကြေးလဲလှယ်တာ၊ ငွေလွှဲတာ၊ ရွှေဝယ်စုတာ၊ Master/Visa ကဒ် အသုံးပြုပြီး ငွေသွင်းငွေထုတ်လုပ်နိုင်တာတွေအပြင် တော်လှန်ရေးအတွက် NUG က ရောင်းချနေတဲ့ ကုန်ပစ္စည်းတွေ၊ စစ်အုပ်စုရဲ့ ပိုင်ဆိုင်မှုတွေ လေလံတင်ရောင်းချတာကိုလည်း အဲဒီဘဏ်ကနေ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
ဒုတိယအဆင့်အနေနဲ့ကတော့ စတာလင်ပေါင်၊ ယူရို၊ ဝမ်၊ ယန်း စတဲ့ ငွေကြေးတွေကိုပါ အသုံးပြုနိုင်အောင် စီစဉ်ထားပြီး ကုန်သွယ်မှုအတွက် ငွေပေးချေတာ၊ နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်တာ၊ ချေးငွေထုတ်ချေးတာ၊ NUG ကနေ ဝယ်ယူထားတဲ့ ငွေတိုက်စာချုပ်တွေကို တခြားပစ္စည်းတွေနဲ့ လဲလှယ်တာတွေကိုပါ အဲဒီဘဏ်ကနေတဆင့် လုပ်ဆောင်နိုင်အောင် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဘဏ်အသုံးပြုသူတွေရဲ့ လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်သွားမှာဖြစ်ပြီး မလိုလားအပ်တဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို တောင်းယူသွားမှာ မဟုတ်ဘူးလို့လည်း ဘဏ်တာဝန်ရှိသူတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကတော့ နွေဦးဖွံဖြိုးရေးဘဏ်ဟာ ပြည်သူတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ လုံခြုံမှု၊ ကိုယ်ရေးအချက်အလက်လုံခြုံမှုကို အပြည့်အဝ ကာကွယ်မှာဖြစ်တယ်လို့ ပြောပါတယ်။
” ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ၊ အထူးသဖြင့်ဆိုရင် ဘဏ်တွေမှာ ပြည်သူတွေ ယုံယုံကြည်ကြည်အပ်နှံထားတဲ့ စုဆောင်းငွေတွေ၊ အပ်နှံငွေတွေ ဒါတွေနဲ့ပတ်သက်ပြီးတော့ လုံခြုံမှုကို အကြမ်းဖက်စစ်ကောင်စီက ခြိမ်းခြောက်နေတဲ့ ကိစ္စရပ်တွေ အများကြီးရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ကတော့ ပြည်သူတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ လုံခြုံမှု၊ ကိုယ်ရေးအချက်အလက်လုံခြုံမှု ဒါတွေအားလုံးကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်၊ ဒီအတွက်လည်း နွေဦးဖွံ့ဖြိုးရေးဘဏ်ကို စတင်စဉ်းစားခဲ့တာဖြစ်ပါတယ် ” လို့ ဦးတင်ထွန်းနိုင်က ပြောပါတယ်။
ဓာတ်ပုံ – PSB