အီရတ်မှာရှိတဲ့ ဆွီဒင်သံရုံးကို ဆန္ဒပြသူတွေက စီးနင်းတိုက်ခိုက်

ဇူလိုင် ၊ ၂၀

အီရတ်နိုင်ငံမှာရှိတဲ့ ဆွီဒင်သံရုံးကို ဘာသာရေး အစွန်းရောက် ဆန္ဒပြသူတွေက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့ကြပါတယ်။

 ဇူလိုင် ၂၀ မနက်အစောပိုင်းက ဆန္ဒပြသူတွေဟာ သံရုံးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပြီး အုတ်တံတိုင်းကို ကျော်တက်ခဲ့ကြပါတယ်။ အဲဒီနောက် သံရုံးထဲမှာ အစ္စလာမ်မစ် ဘာသာရေး အဖွဲ့အစည်း အလံတွေကို လွှင့်တင်ခဲ့ပြီး အဆောက်အအုံ တချို့ကို မီးရှို့ခဲ့ကြပါတယ်။

 ဆန္ဒပြသူတွေက သံရုံးကို အခုလို တိုက်ခိုက်တာဟာ ဆွီဒင်နိုင်ငံမှာ အစ္စလာမ်မစ် ကိုရန်ကျမ်းစာကို မီးရှို့ပြီး ဆန္ဒပြတဲ့ ကိစ္စတွေကို ဒေါသထွက်ကြတာကြောင့်ပါ။ ဆွီဒင်မှာ နှစ်အတော်ကြာအောင် ခိုလှုံနေထိုင်ခဲ့တဲ့ အီရတ်နွယ်ဖွား တဦးက ဇွန်လမှာ မွတ်ဆလင်တွေ အီးဒ်ကာလကို ကြိုဆိုနေတဲ့အချိန် ကိုရန်ကမ်းစာကို ဆုတ်ဖြဲပြီး မီးရှို့ပြခဲ့ပါတယ်။ ဆွီဒင်မှာ အဲဒီလို ပုံစံနဲ့ ဆန္ဒပြတာကို ရဲတပ်ဖွဲ့ကလည်း တားမြစ်ခြင်း မရှိပါဘူး။ ဆွီဒင် အစိုးရရဲ့ မူဝါဒအရ ဘာသာရေး ကျမ်းစာတွေကို စုတ်ဖြဲတာ၊ မီးရှို့တာတွေဟာ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ပိုင်ခွင့် တခုလို့ သတ်မှတ်ထားပါတယ်။

 ဆွီဒင် အစိုးရဟာ အဲဒီလို ကိစ္စမျိုးတွေကြောင့် မွတ်ဆလင် နိုင်ငံတွေနဲ့ ခဏခဏ ပြဿနာ တက်ခဲ့ဖူးပါတယ်။ အာရပ်နိုင်ငံ အစိုးရတွေကလည်း ဆွီဒင်မှာ ကိုရန်ကျမ်းစာ မီးရှို့တာနဲ့ ပတ်သက်ပြီး ဆန့်ကျင်ကြောင်း နိုင်ငံအလိုက် ဆွီဒင် သံအမတ်တွေကို ဆင့်ခေါ်ပြီး သတိပေးခဲ့ဖူးပါတယ်။

 ဘဂ္ဂဒက်မြို့ထဲက ဖြစ်ရပ်မှာတော့ ဘာသာရေး အစွန်းရောက် ဆန္ဒပြသူတွေက သံရုံးကို ကာယကံမြောက် တိုက်ခိုက်တဲ့ထိ အခြေအနေတွေ တင်းမာလာတာ ဖြစ်ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သံရုံးထဲ ဝင်ရောက်နေရာယူပြီး မီးတွေကိုပါ ငြှိမ်းသတ်လိုက်တဲ့နောက် ဆန္ဒပြသူ အတော်များများက ဆုတ်ခွာသွားပေမယ့် တချို့ကတော့ သံရုံးရှေ့မှာ ရစ်သီရစ်သီ လုပ်နေကြဆဲလို့ မျက်မြင်တွေက ပြောပါတယ်။

 ဆွီဒင် နိုင်ငံခြားရေ ဝန်ကြီးဌာနက သံရုံးဝန်ထမ်းတွေ အားလုံး ဘေးကင်းကြောင်း အတည်ပြုခဲ့ပေမယ့် အခုတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာခဲ့ပါတယ်။ အီရတ် အစိုးရက ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး သံရုံးတွေရဲ့ လုံခြုံရေး အစီအမံတွေကို ပိုမို ဖြည့်တင်းပေးသွားမယ်လို့ ကတိပြုထားခဲ့ပါတယ်။