ဇူလိုင်၊ ၁၉
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဉ်းထောင်ကနေ ပြောင်းရွှေ့ခံရပြီး သတင်းအစအန ပျောက်ဆုံးနေတဲ့ နိုင်ငံရေးအကျဉ်းသား ၃၅ ဦးထဲက ခြောက်ဦးသေဆုံးသွားပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ပါတယ်။
‘’ကားမှောက်တာအခွင့်ကောင်းယူပြီးထွက်ပြေးဖို့ကြိုးစားလို့ပစ်ခတ်ဖမ်းဆီးရာမှသေဆုံးတယ်လို့ရေးထားတာပါ’’ လို့ AAPP တာဝန်ရှိသူတဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်ကတည်းက ထောင်ပြောင်းရွှေ့ဖို့ဆိုကာ ကျိုက်စကောထောင်ကနေ ခေါ်ထုတ်သွားတဲ့အထဲပါတဲ့ ကိုဇင်မြင့်ထွန်း၊ ကိုဝေယံလွင်၊ ကိုဇင်ဝင်းထွဋ်၊ ကိုအောင်မျိုးသူ၊ ကိုဘိုဘိုဝင်း၊ ကိုအာကာထက်ပိုင်မျိုးတို့ ခြောက်ဦး သေဆုံးသွားတယ်ဆိုတာကို သူတို့မိသားစုဝင်တွေဆီ အကျဉ်းဦးစီးဘက်ကနေ အခုရက်ပိုင်းအတွင်း အကြောင်းကြားလာတယ်လို့ သိရပါတယ်။
အဲဒီအကြောင်းကြားစာတွေမှာတော့ ကားမှောက်တာအခွင့်ကောင်းယူပြီး ထွက်ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးသွားတယ်ဆိုပြီး စစ်ကောင်စီအကျဉ်းဦးစီးဌာနက မိသားစုတွေဆီပေးပို့တဲ့စာမှာပါရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျန်တဲ့ နိုင်ငံရေးအကျဉ်းသား ၂၉ ဦးရဲ့ အခြေအနေကိုလည်း မသိရသေးဘူးလို့ သူက ပြောပါတယ်။
မိသားစုဝင်တွေဘက်ကတော့ ထောင်ပြောင်းရွှေ့ခံရတယ်ဆိုတဲ့ သတင်းကြားကတည်းက အကျဉ်းထောင် တာဝန်ရှိသူတွေကို အခြေအနေ သွားရောက်မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထောင်ပြောင်းရွှေ့ဖို့ဆိုကာ ကျိုက်စကောထောင်ကနေ ၃၇ ဦးကို ခေါ်ထုတ်လာခဲ့တာဖြစ်ပြီး သူတို့ထဲက ပဲခူးခရိုင် ဗကသဥက္ကဌ ကိုခန့်လင်းနိုင်နဲ့ ကိုပြည့်ဖြိုးဟိန်းတို့ နှစ်ဦး ကားမှောက်တဲ့အချိန် ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာကနေ သေဆုံးတဲ့အကြောင်းကိုတော့ ဇူလိုင်လ ၇ ရက်နဲ့ ၈ ရက်ကတည်းက မိသားစုဝင်တွေဆီ အကြောင်းကြားစာ ပေးပို့ထားတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ အခုလိုလုပ်ရပ်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို တရားမဲ့သတ်ဖြတ်နေတာမက သူတို့မိသားစုဝင်တွေကိုပါ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံရေးလှုပ်ရှားသူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လူသတ်အလောင်းဖျောက်တဲ့ ရာဇဝတ်မှုများ ကျူးလွန်နေတယ်လို့လည်း ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်ကလည်း ကျိုက်စကောအကျဉ်းထောင်မှာ အကျဉ်းချခံထားရတဲ့ဒီချုပ်ပါတီ၊ ဝေါမြို့နယ်၊ အမှတ်(၁) တိုင်းဒေသကြီးကိုယ်စားလှယ်ဖြစ်သူ အသက် ၇၂ အရွယ် ဦးမောင်ဒီဟာလည်း အူမကြီးကင်ဆာရောဂါနဲ့ သေဆုံးခဲ့ပါသေးတယ်။
ဒါ့အပြင် သထုံအကျဉ်းထောင်မှာ အကျဉ်းချခံထားရပြီး ဇွန်လနောက်ဆုံးအပတ်က လွတ်ရက်စေ့ပြီဖြစ်တဲ့ အလုပ်သမားအရေးလှုပ်ရှားသူ ကိုသက်နှင်းအောင်လည်း အခုထိပြန်လွတ်မလာသေးတဲ့အပြင် မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မရဘဲဖြစ်နေပါတယ်။