ပီတာကို လွှတ်တော် အမတ်အဖြစ်က ဆိုင်းငံ့မှုကြောင့် ထိုင်းဝန်ကြီးချုပ် ရွေးချယ်ရေးကိစ္စ ပိုမိုရှုပ်ထွေးလာ

ဇူလိုင်၊ ၁၉

မေလလယ် ရွေးကောက်ပွဲမှာ ရလဒ်အကောင်းဆုံး ဖြစ်ခဲ့တဲ့ Move Forward ပါတီ (MFP)ရဲ့ ခေါင်းဆောင်ဖြစ်သူ ပီတာ လင်ဂျာရွန်ရတ်ကို ရွေးကောက်ခံ အောက်လွှတ်တော် အမတ်အဖြစ်ကနေ ထိုင်းဖွဲ့စည်းပုံ ဥပဒေ ခုံရုံးက ဆိုင်းငံ့ထားလိုက်ပါတယ်။ ဒီအခြေအနေက ဇူလိုင် ၁၉ မှာ ဒုတိယအကြိမ်မြောက် လွှတ်တော် မဲခွဲမှု ခံယူမယ့် ထိုင်းဝန်ကြီးချုပ်သစ် အဆိုပြုရေး ကိစ္စတွေကို ရှုပ်ထွေးသွားစေပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် (EC)က ပီတာဟာ ရွေးကောက်ခံ အမတ်တွေ အနေနဲ့ မီဒီယာ ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေ ပိုင်ဆိုင်ခွင့် မရှိဘဲ ကင်းကင်းရှင်းရှင်း နေရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ချိုးဖောက်ခဲ့တာကြောင့် သူ့ရဲ့ ရွေးကောက်ခံ အမတ်နေရာကို ပယ်ဖျက်သင့်ကြောင်း ခုံရုံးဆီ အကြံပြုထားပါတယ်။ ပီတာက ဝန်ကြီးချုပ် ရာထူးအတွက် လွှတ်တော်ထဲမှာ ဒုတိယအကြိမ် မဲခွဲမှု ခံယူမယ့် နေ့မှာ အဲဒီ အကြံပြုချက်ကို ခုံရုံးက လက်ခံပြီး သူ့ကို လွှတ်တော် အမတ်နေရာကနေ ဆိုင်းငံ့စေခဲ့တာ ဖြစ်ပါတယ်။

ထိုင်းရဲ့ ဖွဲ့စည်းပုံ ဥပဒေတွေအရ ပီတာဟာ အမတ်နေရာက ဆိုင်းငံ့ခံထားရရင်တောင်မှ ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခံပိုင်ခွင့် ရှိနေဆဲပါ။ သူ့ရဲ့ ပါတီကလည်း ခုံရုံး ဆုံးဖြတ်ချက်ကြောင့် ပီတာရဲ့ ဝန်ကြီးချုပ်နေရာ အဆိုပြုပိုင်ခွင့်ကို သက်ရောက် ထိခိုက်ဖို့ မဖြစ်သင့်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ညနေပိုင်း မဲခွဲမယ့် အချိန်ကျရင် ပီတာရဲ့ နာမည်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမှန်တကယ် အဆိုပြုမလား ဆိုတာကတော့ ရှုပ်ထွေးနေပါတယ်။ လွှတ်တော်ထဲမှာ MFP ဦးဆောင်တဲ့ နိုင်ငံရေး မဟာမိတ်တွေက အကျေအလည် ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။

ပီတာက သူဟာ ဘာအမှားမှ ကျူးလွန်မထားဘူးလို့ ငြင်းဆိုထားပေမယ့် အခုတော့ ခုံရုံး ဆုံးဖြတ်ချက်က အတည်ဖြစ်လာပါပြီ။ သူဟာ လွှတ်တော် အမတ်နေရာက ဆိုင်းငံ့ခံထားရတဲ့ ကာလအတွင်း အောက်လွှတ်တော်ထဲက ထွက်ခွာရမှာဖြစ်သလို မဲပေးပိုင်ခွင့်လည်း မရှိတော့ပါဘူး။ ခုံရုံးက ပီတာ အနေနဲ့ သူ့အပေါ် တင်ရှိနေတဲ့ စွဲချက်ကို ဖြေရှင်းဖို့ ၁၅ ရက် အချိန်ရမယ်လို့ ကြေညာထားပါတယ်။

ရွေးကောက်ပွဲမှာ ခြွင်းချက်မရှိ ပြည်သူ့ထောက်ခံမှု အများဆုံး ရခဲ့တဲ့ ပါတီကို ဦးဆောင်နေတဲ့တိုင် ပြုပြင်ပြောင်းလဲရေး ဝါဒီတဦးဖြစ်တဲ့ ပီတာဟာ လွှတ်တော်ထဲမှာတော့ ရွေးကောက်ခံ မဟုတ်တဲ့ ကွန်ဆာဗေးတစ် အထက်လွှတ်တော် အမတ်တွေရဲ့ ကန့်လန့်တိုက်မှုတွေနဲ့ ကြုံနေရပါတယ်။ ဇူလိုင် ၁၃ ရက် ပထမအကြိမ် လွှတ်တော် မဲခွဲမှုမှာလည်း အထက်လွှတ်တော်ရဲ့ အဓိက ဆန့်ကျင်မှုကြောင့် ပီတာဟာ လုံလောက်တဲ့ ထောက်ခံမဲ အရေအတွက်ကို မရခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ ပီတာဟာ သူ့အနေနဲ့ ဝန်ကြီးချုပ် နေရာကို မျှော်မှန်းခွင့် လုံးဝ မရှိတော့တာ သေချာသွားပြီဆိုရင် နောက်ဆုတ်ပေးပြီး ဒုတိယ မဲအများဆုံး ရခဲ့တဲ့ ဖျူထိုင်းပါတီ (PTP)က အဆိုပြုလာမယ့်သူ တယောက်ယောက်ကို ထောက်ခံပေးသွားမယ်လို့ အရိပ်အမြွက် ပြောကြားထားပါတယ်။

 

Ref: ABC