ကရင်နီပြည်နယ်မှာ အရပ်သားသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှု နှစ်ဆနီးပါးမြင့်တက်လာ

ဇူလိုင်၊ ၁၉
 
ကရင်နီ (ကယား)ပြည်နယ်မှာ အခုနှစ် ဒုတိယသုံးလတာ ကာလအတွင်း အရပ်သားသေဆုံးထိခိုက်မှုဟာ ပထမသုံး လတာကာလထက် နှစ်ဆနီးပါး မြင့်တက်လာတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ရဲ့ စစ်တမ်းအချက်အလက်တွေက ဖော်ပြပါတယ်။
 
အခုနှစ် ပထမသုံးလအတွင်း ကရင်နီ (ကယား)ပြည်နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တဲ့ အရပ် သား ၂၇ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄၅ ဦး ရှိခဲ့ပါတယ်။ ဒုတိယသုံးလတာ ကာလဖြစ်တဲ့ ဧပြီလကနေ ဇွန်လကုန် အတွင်းမှာတော့ သေဆုံးတဲ့အရပ်သား ၄၉ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၇၃ ဦးအထိ ရှိကာ နှစ်ဆနီးပါး ပိုများလာတာပါ။
 
သေဆုံးထိခိုက်ဒဏ်ရာရတဲ့ သူတွေဟာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းတွေကြောင့်ဖြစ်ပြီး ဇွန်လအတွင်းမှာတော့ သေဆုံးသူ ၃၆ ဦးအထိ ရှိတာကြောင့် အများဆုံးဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
 
ကရင်နီတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ ဇွန်လအတွင်းက ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် အစပ် မိုးဗြဲမြို့မှာ တိုက်ပွဲပြင်းထန်ခဲ့ကြပြီး အဲ့ဒီတိုက်ပွဲကာလအတွင်း ဇွန်လ ပထမပတ်မှာတင် အရပ်သား တဒါဇင်ကျော် သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
 
သုံးလအတွင်း သေဆုံးသူတွေထဲမှာတော့ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှုကြောင့် နှစ်ဆယ်ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှစ်ဦး၊ သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် ၁၉ ဦးနဲ့ မြေမြှုပ်မိုင်းကြောင့် တဦးအပြင် အသက်ကြီးပိုင်း အမျိုးသမီးတဦးလည်း လေယာဥ်သံကြောင့် ရုတ်တရက်သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲ အသက် ၃ နှစ်ကနေ ၁၇ နှစ် ကြားကလေး ငါးဦးလည်း ပါဝင်ပါတယ်။
 
အလားတူ ထိခိုက်ဒဏ်ရာရသူ ခုနစ်ကျော်မှာလည်း အသက် ၇ နှစ်ကနေ ၁၁ ကြားရှိ ကလေးသုံးဦး ပါဝင်ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေဟာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ၃၄ ဦး၊ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ၁၁ ဦး၊ သေနတ်နဲ့ ပစ်ခတ်ခံရတာ ကြောင့် သုံးဦးနဲ့ မြေမြှုပ်မိုင်းနင်းမိတာကြောင့် နှစ်ဦး ရှိတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ရဲ့အချက်အလက်တွေအရ သိရပါတယ်။
 
အခုလို အရပ်သားတွေ ထိခိုက်သေဆုံးမှု မြင့်တက်လာတာဟာ စစ်တပ်က တိုက်ပွဲမရှိချိန်မှာလည်း အရပ်သားတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေ အရင်ကထက် ပိုလုပ်လာတာကြောင့်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။
 
“ ဒဏ်ရာရတဲ့သူတွေကိုတော့ ကျွန်တော်တို့ ဒီမှာ လူထုကနေ ဖွင့်ထားတဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာပဲ ကုသတာ များတယ်၊ ကျနော်တို့ဆီမှာရှိတဲ့ ဆေးရုံဆေးခန်းတွေက Operation ပေါ့နော်၊ တော်ရုံတန်ရုံ ခွဲစိပ်တာတွေ ဖြတ်တောက်တာတွေ လုပ်နိုင်တဲ့ အနေအထား ရှိပါတယ်၊ ကုသစရိတ်က Free (အလကား)ပါပဲ ” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ထူထောင်သူ ကိုဗညားက DNA ကို ပြောပါတယ်။
 
ဒါပေမယ့် အဲ့ဒီလို ဆေးဝါးကုသမှုတွေအတွက် ကုန်ကျစရိတ်က များပြားတာကြောင့် ရန်ပုံငွေတွေ ရှာဖွေပြီး ဆေးဝါးနဲ့ ဆေးရုံသုံးပစ္စည်းတွေ ပြန်လည်ဖြည့်တင်းနေရတာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
 
ပြီးခဲ့တဲ့ သုံးလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကရင်နီဒေသ စစ်ရှောင်စခန်းတွေက စာသင်ကျောင်းနှစ်ကျောင်းနဲ့ ဆေးရုံတရုံ၊ လူနေအိမ် ၉၂ လုံး၊ ဘုရားကျောင်း နှစ်ကျောင်းနဲ့ ကား ၃၁ စီးလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
 
စစ်ဘေးရှောင်တွေကတော့ ကရင်နီ (ကယား)ပြည်နယ်အတွင်းက မြို့နယ် ခုနစ်ခုလုံးမှာ ရှိနေပြီး ဒီးမော့ဆိုမြို့နယ်မှာ အများဆုံးအနေနဲ့ လူဦးရေ ကိုးသောင်းလောက် ခိုလှုံနေကြတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ခန့်မှန်းကြပါတယ်။
 
” အဲ့မှာက အခြားနီးစပ်ရာ မြို့နယ်တွေက လာရှောင်ကြတာလည်း ရှိတယ်၊ တိုက်ပွဲတွေကတော့ မတ်၊ ဧပြီလတွေမှာ တော်တော်ပြင်းတယ်၊ အဲလတွေမှာ အရွှေ့အပြောင်း တော်တော်များတယ် ” လို့ ကိုဗညားက ပြောပါတယ်။
 
လက်ရှိမှာတော့ ကရင်နီပြည်နယ်ထဲက စစ်ဘေးရှောင်ဦးရေ နှစ်သိန်းထက်မနည်း အရေးပေါ်အကူအညီတွေ လိုအပ်နေပြီး သူ့တို့အတွက် ကုလသမဂ္ဂအေဂျင်စီတွေက Safe Zone (လုံခြုံဘေးကင်းတဲ့နေရာ)တွေ ဖော်ဆောင်ပေးသင့်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
 
ဒါ့အပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် စစ်အုပ်စုနဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူဖို့၊ စစ်အုပ်စုဆီ လက်နက်မရောင်းချရေး အကောင်ထည်ဖော်ဖို့၊ လေယာဥ်ဆီတွေ တင်သွင်းတာ ပိတ်ဆို့ဖို့နဲ့ လေယာဥ်မပျံသန်းရဇုန်တွေ သတ်မှတ်ပေးဖို့ ကိုလည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က တောင်းဆိုထားပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – ကရင်နီစစ်ဘေးရှောင်စခန်းတခုကိုတွေ့ရစဉ်။