အာဇာနည်တွေ နေတဲ့တိုင်းပြည်

အကြောင်း ဟုတ်၊ မဟုတ်ကို ကောင်းစွာသိသူ၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ … တဲ့။
 
အာဇာနည် ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ကို မြန်မာအဘိဓာန်က အဲ့ဒီလိုဖွင့်ဆိုပါတယ်။
 
မြန်မာနိုင်ငံမှာ လက်ရှိသတ်မှတ်ချက်အရ အာဇာနည်နေ့ရယ်လို့ တခုတ်တရ သတ်မှတ်ပေးထားပြီး လူအများ နှစ်စဉ် ဂုဏ်ပြုဦးညွတ်နေကြသူ ကိုးဦးတည်းသာ ရှိပါတယ်။ အားလုံးသိကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ လုပ်ကြံခံခဲ့ရသော အာဇာနည်ပုဂ္ဂိုလ်တွေပေါ့။
 
ဒါပေမယ့် အထက်က အဓိပ္ပါယ်ဖွင့်ဆိုချက်အရ ဒါမှမဟုတ် သက်ဆိုင်ရာ တစုတဖွဲ့၊ လူမျိုးအလိုက် နေရာဒေသအလိုက် အာဇာနည်ရယ်လို့ ပြောစမှတ်ပြု ဂုဏ်ပြုခံရသူတွေကတော့ အများအပြားပါ။
 
အာဇာနည်နေ့ ဆိုတာကိုက လွတ်လပ်ရေး ကြိုးပမ်းမှု ခရီးလမ်းခုလတ်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရသူ ကိုးဦးကို အမှူးထားပြီး ပေါ်ပေါက်လာရတာ ဖြစ်ပေမယ့် လွတ်လပ်ရေး အတွက် ပါဝင်ပေးဆပ်ခဲ့ကြသူ အားလုံးကို ဦးညွှတ်ဂုဏ်ပြုနိုင်တဲ့ နေ့လို့ဆိုရင်လည်း ရပါတယ်။
 
ကိုလိုနီ ဘဝ နှစ်တရာကျော်၊ လွတ်လပ်ရေးရပြီး ကတည်းက အခုထိ မဆုံးနိုင်သေးတဲ့ ပြည်တွင်းစစ် ကာလကြီးကို ဖြတ်သန်းနေရဆဲ မြန်မာနိုင်ငံမှာ အာဇာနည်နေ့ တနေ့တည်း ရှိပေမယ့် အာဇာနည်ပုဂ္ဂိုလ်တွေရယ်လို့ သတ်မှတ်ခံကြရသူတွေကတော့ မရေမတွက်နိုင်အောင်ပါပဲ။
 
ဒါပေမယ့် အဲ့ဒီအာဇာနည်လို့ သတ်မှတ်ခံရသူတွေအားလုံး တိုက်ပွဲဝင်ခဲ့ကြ၊ ကျဆုံးခဲ့ကြရတဲ့ ဖြစ်စဉ်တိုင်းမှာ တူညီတဲ့ အချက်တခုကတော့ “ လွတ်လပ်ရေး ” ပါပဲ။
 
နယ်ချဲ့ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ဖို့၊ လူမျိုးကြီးဝါဒ လက်အောက်က၊ အာဏာရှင်လက်အောက်က၊ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ စတဲ့စတဲ့ ရည်ရွယ်ချက်တွေအတွက် အများကို ဦးဆောင်ရင်း၊ ပါဝင်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသူတွေဟာ အာဇာနည်တွေ ဖြစ်ခဲ့ကြ၊ ဖြစ်နေကြဆဲပါ။
 
ဒါကြောင့်ပဲ “ အာဇာနည်တွေ နေတဲ့တိုင်းပြည် ” ဆိုတဲ့ စကားလုံး ပေါ်ပေါက်လာရတာ ဖြစ်ပါလိမ့်မယ်။
 
ဒီကနေ့ နှစ်စဉ် အာဇာနည်နေ့ရယ်လို့ သတ်မှတ်ကျင်းပနေကြတဲ့ အခမ်းအနားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၆ နှစ်အကြာက အဖြစ်အပျက်တခုကို အကြောင်းပြုထားတာ ဖြစ်ပါတယ်။
 
ဒါပေမယ့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ လူမျိုးစုတွေ၊ ကိုးကွယ်ယုံကြည်ရာ မတူညီသူတွေ၊ အယူဝါဒ မတူညီသူတွေ၊ နောက်ဆုံး ဒေသတခုချင်းစီမှာတောင် ကိုယ်စီကိုယ်စီ ရင်ထဲက သီးခြားအာဇာနည်တွေ ရှိနေတတ်ကြတယ်။
 
အခုလို တနိုင်ငံလုံး စစ်မီးဟုန်းဟုန်းတောက်နေတဲ့ ကာလမှာဆိုရင် အာဇာနည်လို့ သတ်မှတ်ထိုက်သူတွေ ပိုလို့တောင် များနေပါလိမ့်ဦးမယ်။
 
ကိုလိုနီဘဝက လွတ်မြောက်ဖို့ ဦးတည်တဲ့ လွတ်မြောက်ရေး မဟုတ်ပေမယ့် စစ်အာဏာရှင်တို့ ကျွန်ပြု အုပ်စိုးနေဆဲ စနစ်ကို အမြစ်ဖြတ်နေရတဲ့ တိုက်ပွဲကာလ မဟုတ်လား။
 
နေ့စဉ် နေ့တိုင်း တိုက်ခိုက်သတ်ဖြတ်မှုတွေ ရှိနေသလို သေကြေ၊ ထိခိုက် ပျက်စီးကြရသူတွေလည်း နေ့စဉ်ရှိနေပါတယ်။ အဲ့ဒီအထဲက တချို့ဟာ အာဇာနည်အဖြစ် သတ်မှတ်ခံရကြရတယ်။ တနိုင်ငံလုံး၊ ဒေသတခုလုံး၊ လူမျိုးစု တခုလုံး အတွက်မဟုတ်ရင်တော့ သူ့ဒေသမှာတော့ သူဟာ အာဇာနည်ဖြစ်တယ်လို့ ဆိုရသူတွေ နေ့စဉ်ရှိနေကြတယ်။
 
အထက်မှာ ဆိုခဲ့တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ “ အာဇာနည်တွေ နေတဲ့တိုင်းပြည် ” ဆိုတဲ့ စကားလုံးဟာ ဂုဏ်ယူစရာပါ။
 
ဒီနိုင်ငံမှာ အကြောင်း ဟုတ် မဟုတ်ကို သိတဲ့သူ၊ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူတွေ ပေါများတယ်လို့ ဆိုလိုတဲ့သဘောပေါ့။ ဒါပေမယ့် ဒီနိုင်ငံမှာ အများအကျိုး ထမ်းပိုးရင်း ကြွေလွင်ခဲ့ရသူတွေ ဘယ်လောက်များခဲ့ပြီလဲ ဆိုတာကိုလည်း အာဇာနည် ဆိုတဲ့ စကားလုံးကပဲ ပြန်လည်ဖော်ပြနေပြန်ပါတယ်။
 
“ အာဇာနည် ” ဆိုတဲ့ စကားလုံးဟာ သေလွန် ကျဆုံးချိန်ရောက်မှ အမြင့်မားဆုံးအနေနဲ့ ဂုဏ်ပြုခံရတဲ့ ဂုဏ်ပုဒ်တခု မဟုတ်လား။
 
စစ်အာဏာရှင် တော်လှန်ရေးကာလဖြစ်လို့ တော်လှန်ရေးစကား ပြောရရင်တော့ အာဏာရှင်တွေ ချုပ်ငြိမ်းသွားမှပဲ “ အာဇာနည်တွေ နေတဲ့တိုင်းပြည် ” ဆိုတဲ့ စကားလုံးကို ရပ်တန့်နိုင်ပါလိမ့်မယ်။
 
အဲ့ဒီလို မဖြစ်နိုင်သေးသရွေ့တော့ အာဏာရှင်တွေ ထွက်ပေါ်လာနေသမျှ အာဇာနည် ပုဂ္ဂိုလ်တွေ ထပ်ထပ်ရှိနေကြ ဦးမှာပါ။
 
သေသွားမှ “ အာဇာနည် ” ရယ်လို့ အမွှန်းတင် ဂုဏ်ပြုနေကြတာထက် “ ရဲရင့်တဲ့ သူရဲကောင်း ” တွေအဖြစ် ရှင်သန် ရုန်းကန်နေကြချိန်မှာ ဖေးကူတဲ့လက်တွေဟာ သူတို့အတွက် ပိုတန်ဖိုးကြီးပါလိမ့်မယ်။
 
အရာရာ ကျပ်တည်းမှုတွေကြားထဲက ရှေ့ဆက်နေရတဲ့ နွေဦးတော်လှန်ရေး ခရီးမှာ ရှင်သန်တိုက်ပွဲဝင်နေသူတွေအဖို့ သေမှရမယ့် “ အာဇာနည် ” ဂုဏ်ပုဒ်ထက် လောလောလတ်လတ် ဖေးကူမယ့်လက်တွေကိုသာ မျှော်လင့်နေကြပါလိမ့်မယ်။