ရန်ကုန် မြို့နယ်တချို့က ဆိုင်ကယ်ဘေးတွဲမောင်းနှင်သူတွေ စစ်အုပ်စုနဲ့အတူ ကင်းလှည့်လိုက်ပေးနေရ

ဇူလိုင်၊ ၁၉
 
ရန်ကုန်က မြို့နယ်တချို့မှာ ဆိုင်ကယ်ဘေးတွဲ မောင်းနှင်တဲ့သူတွေကို စစ်ကောင်စီတပ်သားတွေက သူတို့နဲ့အတူ ညကင်း လှည့်လိုက်ပေးမှ မောင်းနှင်ခွင့်ပေးမယ်ဆိုတာကြောင့် ယူနီဖောင်းဝတ်ပြီး လိုက်ပါပေးနေရတာမျိုးတွေ ရှိနေတယ်လို့ အဲ့ဒီလုပ်ငန်း လုပ်ကိုင်သူတွေက DNA ကိုပြောပါတယ်။
 
“ ဒီလထဲမှာပေါ့ ကျွန်တော်တို့ကို ရပ်ကွက်ရာအိမ်မှူးက လာပြောတယ်၊ မင်းတို့ ဘေးတွဲဆိုင်ကယ် ဆက်မောင်းချင်ရင် ညကင်းစောင့်ပေးရမယ်ပေါ့၊ အစက ရပ်ကွက်ထဲမှာ ကင်းစောင့်ပေးရမယ် ထင်ထားတာ၊ နောက်ကျမှ သူတို့နဲ့ အတူ (စစ်ကောင်စီတပ်) ညကင်းပတ်တဲ့ နေရာတွေ လိုက်ရမယ်လို့ သိရတာ ” လို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
 
အဲဒီလို ဆိုင်ကယ်ဘေးတွဲ မောင်းနှင်သူတွေ အလှည့်ကျနဲ့ ညကင်းပတ်ရမယ့်အကြောင်းကို ရပ်ကွက်ထဲမှာရှိတဲ့ ရာအိမ်မှူးတွေကတဆင့် စစ်ကောင်စီတပ်သားတွေက အသိပေး အကြောင်းကြားလာတာ ဖြစ်တယ်လို့ သာကေတမြို့နယ်မှာ နေထိုင်သူတဦးကလည်း ပြောပါတယ်။
 
“ သူတို့ (စစ်ကောင်စီ)ပြောတာကတော့ ဘေးတွဲဆိုင်ကယ်မောင်းတဲ့သူတွေ နေ့ခင်းမှာ မောင်းချင်ရင် ညပိုင်းမှာ သူတို့ကင်းပတ်တဲ့အချိန် အတူလိုက်ပေးရမယ်ပေါ့၊ စစ်ယူနီဖောင်းလည်း ဝတ်ရမယ်၊ ညစာလည်း ကျွေးမယ်ပေါ့၊ သူတို့ ပြောတဲ့အတိုင်း ညကင်းမလိုက်နိုင်ရင် အရေးယူမယ်လို့ ပြောတယ် ” လို့ သာကေတမြို့နယ်ထဲမှာ ဘေးတွဲဆိုင်ကယ် မောင်းနှင်နေသူတဦးက ဆိုပါတယ်။
 
စစ်ကောင်စီတပ်က အရပ်သားတွေကို သူတို့နဲ့အတူ ညကင်းပတ်တဲ့အချိန်မှာ စစ်ယူနီဖောင်း ဝတ်ဆင်ခိုင်းပေမယ့် လက်နက်တော့ ကိုင်ဆောင်ခွင့် မပြုဘူးလို့ ဒီအခြေအနေကို သိရှိသူတချို့က ပြောပါတယ်။ စစ်ကောင်စီ တပ်သားတွေနဲ့အတူ ညကင်းလိုက်ခဲ့ရသူတဦးကို DNA က ဆက်သွယ်မေးမြန်းပေမယ့် လုံခြုံရေးအရ ဖြေလိုခြင်းမရှိဘူးလို့သာ တုံ့ပြန်ပါတယ်။
 
“ စားဝတ်နေရေးအရ အဆင်မပြေတဲ့ သူတွေကတော့ သူတို့ (စစ်ကောင်စီတပ်)ခိုင်းသလို လုပ်ပေးကြရတာပေါ့၊ တချို့ အဆင်မပြေပေမယ့်လည်း အသက်အန္တရာယ်ကြောက်ရတော့ ဆိုက်တွဲ ပြန်ရောင်းလိုက်ကြတယ်၊ ကျွန်တော်လည်း ဆိုက်တွဲပြန်ရောင်းလိုက်ပြီ၊ အဆင်ပြေလို့တော့ မဟုတ်ဘူး ” လို့ ဆိုင်ကယ်ဘေးတွဲမောင်းနှင်သူ နောက်တဦးက ပြောပါတယ်။
 
အာဏာသိမ်းပြီးကတည်းက မြို့ကြီးတွေမှာရော နယ်မြို့တချို့မှာပါ ဆိုင်ကယ်တွေနဲ့ ဘေးတွဲဆိုင်ကယ်တွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုတွေ စစ်ကောင်စီက လုပ်ခဲ့ပြီး ရန်ကုန်မြို့မှာတော့ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း အဖမ်းအဆီးပိုလုပ်လာတာကြောင့် ကယ်ရီလုပ်ကိုင်သူတွေ အခက်တွေ့ခဲ့ကြပါတယ်။
 
ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ရန်ကုန်မှာ စစ်ကောင်စီက ဆိုင်ကယ်နဲ့ ဘေးတွဲဆိုင်ကယ်တွေကို ဆက်တိုက်တင်း တင်းကျပ်ကျပ်ဖမ်းဆီးခဲ့ပြီး အပြီးသိမ်းယူမှုတွေ လုပ်ခဲ့သလို ညှိနှိုင်းမှုနဲ့ ဒဏ်ငွေဆောင်ရသူတွေ အနေနဲ့လည်း ကျပ် တသိန်းလောက်အထိ တောင်းတာမျိုး ကြုံကြရတယ်လို့ ဆိုပါတယ်။
 
ဆိုင်ကယ်နဲ့ ဘေးတွဲဆိုင်ကယ်တွေ ဖမ်းဆီး သိမ်းဆည်းခံရမှုကြောင့် ကယ်ရီလုပ်ငန်း လုပ်ကိုင်သူတွေ အခက်တွေ့ နေကြချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ကင်းလှည့်ရာမှာ အသုံးချနိုင်ဖို့ အခုလိုနည်းလမ်းကို အသုံးပြုလာတာဖြစ်ပြီး ဒီအခြေအနေကို သိရှိထားတယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ တချို့ကလည်း ပြောပါတယ်။
“ အခုလို လက်လုပ်လက်စားသမားတွေကို ညကင်းပတ်ခိုင်းနေတာက စစ်ကောင်စီမှာ အင်အားနည်းနေပြီ ဆိုတာ ပြနေသလို တဖက်မှာလည်း တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်တာတွေ ခံရမှာကြောင့် အခုလိုလုပ်လာတာ ဖြစ်နိုင်ပါတယ် ” လို့ ရန်ကုန်မြို့ပြပြောက်ကျား အဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်ရှိအထိတော့ ရန်ကုန်က ဆိုင်ကယ်နဲ့ ဘေးတွဲဆိုင်ကယ်အသုံးပြုမှု များတဲ့ မြို့နယ်တွေထဲမှာ ပါဝင်တဲ့ သာကေတ၊ ဒေါပုံနဲ့ လှိုင်သာယာမြို့နယ်တို့မှာ စစ်ကောင်စီက အဲ့ဒီလို လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ DNA က စုံစမ်းအတည်ပြုထားနိုင်ပါတယ်။
စစ်ကောင်စီက အခုလိုလုပ်လာတာဟာ လူအင်အား လိုအပ်ချက်ကြောင့်ဖြစ်သလို အရပ်သားကို လက်နက်မပေးဘဲ ယူနီဖောင်းဝတ်ခိုင်းတာဟာ လူသားဒိုင်းအဖြစ် အသုံးချတဲ့သဘောလည်း ဖြစ်နေတယ်လို့ CDM စစ်သားတဦးဖြစ်တဲ့ ဗိုလ်ကြီးထက်မြတ်က ပြောပါတယ်။
“ လက်နက်မပေးဘဲ ဧည့်စာရင်းစစ်ရင် အဲ့ဒီအရပ်သားတွေကို တက်ခိုင်းပြီး သူတို့က နောက်ကနေ နေတာ၊ လူသားဒိုင်း သဘောပဲပေါ့၊ အသုံးချတာပေါ့ဗျာ ရုတ်တရက်ကြည့်ရင် သူတို့အင်အားလည်း များတယ်ဆိုပြီး ထင်အောင်ပေါ့ ” လို့ သူကပြောပါတယ်။
 
ဓာတ်ပုံ – Google