မြန်မာတွေအပါအဝင် လူလေးဦးကို ပစ်သတ်ခဲ့တဲ့သူကို ဖမ်းဆီးရမိ

ဇူလိုင်၊ ၁၈

 မြန်မာတွေ အပါအဝင် လူ ၄ ဦးကို ရက်ရက်စက်စက် ပစ်သတ်ခဲ့တဲ့ အမျိုးသား တဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

 ထိုင်းနိုင်ငံ တောင်ပိုင်းက နာခွန်ဆီ သမ်မာရတ် ဒေသမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုအပြီး အသက် ၄၄ နှစ်အရွယ် ပရာပန် နက်ခ်ဆီရီဟာ သေဆုံးသူ တဦး ပိုင်ဆိုင်တဲ့ ပစ်ကပ် ထရပ်ကား တစီးကို မောင်းနှင်ပြီး ထွက်ပြေး တိမ်းရှောင်နေခဲ့ပါတယ်။ သူဟာ စကားအခြေအတင် အငြင်းပွားမှု တခုကို အကြောင်းပြုပြီး အသက် ၆၀ အရွယ် ထိုင်းအမျိုးသား တဦးအပြင် မြန်မာလုပ်သား ၃ ဦးကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

 ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မှုခင်းမှာ ထွက်ပြေး လွတ်မြောက်ခဲ့ပေမယ့် ရဲတွေက သိပ်မကြာခင်မှာပဲ သူ့ကို ခြေရာခံနိုင်ခဲ့ပါတယ်။ သူဟာ ကျောပိုးအိတ် တလုံးကိုပဲ ယူပြီး ရာဘာစိုက်ခင်း တခုထဲမှာ ကနဦး ရှောင်တိမ်းနေခဲ့ပါတယ်။ ဒါပေမဲ့ ရဲတွေက သူ့ကို ရှာတွေ့ချိန်မှာတော့ ပရာပန်ဟာ အသိစိတ် လွတ်နေဟန်နဲ့ ချိုင်ဗျူရီက ရွာတခုမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတာကို တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ ကျောပိုးအိတ်ထဲကို ရှာဖွေတဲ့အခါ လူသတ်လက်နက်ကို မတွေ့ရဘဲ တရားခံက တနေရာရာမှာ ဝှက်ထားတယ်လို့ ယုံကြည်ရတာကြောင့် သက်သေခံ လက်နက် ပြန်ရဖို့ ရဲတွေက ဆက်လက် ကြိုးစားနေပါတယ်။

 လူ ၄ ယောက် အသတ်ခံရတဲ့ မှုခင်းဟာ ဒေသတွင်းမှာ အကြီးအကျယ် အာရုံစိုက်စရာ ဖြစ်ခဲ့ပြီး အခုတော့ တရားခံကို ဖမ်းမိသွားတဲ့အတွက် ဒေသခံတွေ အထိုက်အလျောက် စိတ်သက်သာရာ ရသွားကြောင်း ရဲတွေက ပြောပါတယ်။ 

ဒါပေမဲ့ သူ့ကို ဖမ်းမိချိန်မှာ အရက်နဲ့ မူးယစ်ဆေး​ဝါးတွေ အလွန်အကျွံ သုံးစွဲထားဟန်ရှိပြီး ဂဏှာမငြိမ် ဖြစ်နေတာကြောင့် နာခွန်ဆီ သမ်မာရတ် ရဲစခန်းဆီ ပို့ဆောင်ဖို့ ကိစ္စကို ယာယီ ဆိုင်းငံ့ထားရပါတယ်။ ပြီးတော့ သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ နီးစပ်သူတွေက အခဲမကျေဘဲ လက်တုံ့ပြန်နိုင်တဲ့ အလားအလာတွေ ရှိနေလို့လည်း ရဲတွေက လုံခြုံရေး အစီအမံတွေ တင်းကျပ်ထားခဲ့ကြောင်း သိရပါတယ်။