ကြို့ပင်ကောက်မှာ ကျောင်းသားနှစ်ဦး ရေဆင်းကူးရာက ရေနစ်သေဆုံး

ဇူလိုင်၊ ၁၈
 
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက အလယ်တန်း ကျောင်းသားနှစ်ဦး ရေဆင်းကူးရာက ရေနစ်သေဆုံးသွားတယ်လို့ အဲ့ဒီဖြစ်စဉ်ကို ကူညီပေးခဲ့တဲ့ မြို့ခံ ပရဟိတအသင်းတာ ဝန်ရှိသူကပြောပါတယ်။
 
ကြို့ပင်ကောက်မြို့နယ် ကျောင်းကုန်းကျေးရွာ၊ ဆည်အနီးက ရေကန်အတွင်းမှာ ဒီကနေ့ မနက်အစောပိုင်း ကျောင်းတက်ချိန် မတိုင်ခင်မှာ ရေဆင်းကူးနေတဲ့ ကျောင်းသားနှစ်ဦး ရေနစ်သေဆုံးသွားတာပါ။
 
” လမ်းသွားလမ်းလာတွေက ရေနစ်တာကို တွေ့ပြီး ဆင်းဆယ်ပေးထားတာ၊ အသင်းကို ဆက်သွယ်ချိန်မှာတော့ သူတို့ ဆယ်ပြီးတော့ လမ်းပေါ်တင်ထားပေးတာပါ၊ ကျွန်တော်တို့ ရောက်တဲ့အချိန် အသက်က မရှိတော့ပါဘူး၊ ဆယ်ပေးထားတဲ့ သူတွေ ပြောတာတော့ သူတို့ ဆင်းဆယ်ထဲက သေဆုံးနေပြီလို့ ပြောပါတယ် ” လို့ ကြို့ပင်ကောက် နာရေးကူညီမှုအသင်း ဥက္ကဌက DNA ကိုပြောပါတယ်။
 
သေဆုံးသူတွေဟာ ကြို့ပင်ကောက်မြို့ ဗောဓိရပ်ကွက် (၃)လမ်းမှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် Grade (6)ကျောင်းသား မောင်ကိုကိုထွန်းနဲ့ အသက် ကိုးနှစ်အရွယ် Grade (3)ကျောင်းသား မောင်ထက်မြတ်သူ တို့ဖြစ်တယ်လို့ သိရပါတယ်။
 
သေဆုံးသွားတဲ့ ကျောင်းသားတွေရဲ့မိဘတွေဟာ ဈေးရောင်းချသူတွေ ဖြစ်တာကြောင့် မိဘတွေကို ရှာဖွေဆက်သွယ် အကြောင်းကြားပေးခဲ့ရတယ်လို့ ကြို့ပင်ကောက် နာရေးကူညီမှုအသင်း ဥက္ကဌက ပြောပါတယ်။
 
ဓာတ်ပုံ – ကြို့ပင်ကောက်နာရေးကူညီမှုအသင်း