ဇူလိုင်၊ ၁၈
အစုအပြုံလိုက် သောင်တင်ကြရာက စကော့တလန်ပိုင် ကျွန်းတခုမှာ လမ်းပြဝေလငါး (pilot whale) အကောင် ၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လီဝစ်ကျွန်းပေါ်က ကျေးရွာတခုနားမှာ ဒါဇင်နဲ့ချီ များပြားတဲ့ ဝေလငါးတွေ သောင်တင်နေကြောင်း သတင်းကြားတဲ့နောက် အဏ္ဏဝါဗေဒ ပညာရှင်တွေ၊ စေတနာ့ဝန်ထမ်း အဖွဲ့တွေဟာ အခင်းဖြစ်တဲ့ နေရာကို အမြန်ဆုံး သွားရောက်ခဲ့ပါတယ်။
ဒါပေမဲ့ မြောက်ပိုင်း တော်လ်စတာ ကျေးရွာနား ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်သွားတဲ့ အချိန်မှာတော့ ကြေကွဲစရာ မြင်ကွင်းကသာ စောင့်ကြိုနေပါတယ်။ ဝေလငါး ၅၆ ကောင်လောက် ရှိတဲ့ထဲမှာ ၁၅ ကောင်လောက်ပဲ အသက်ငွေ့ငွေ့ ကျန်နေတော့တာကြောင့်ပါ။
ဝေလငါးတွေဟာ ညလုံးပေါက် သောင်တင်နေခဲ့ရာက သေဆုံးကုန်တာ ဖြစ်နိုင်တယ်လို့ ကယ်ဆယ်ရေး အဖွဲ့ဝင် အဏ္ဏဝါဗေဒ ပညာရှင် ဒေးဗစ် ယာဗစ်က ပြောပါတယ်။ ဝေလငါးတွေဟာ ကုန်းမြေပေါ်မှာ ၆ နာရီထက်ပိုပြီး အသက်မရှင်နိုင်ဘဲ ရေဓာတ်ခန်းခြောက်လို့ သေဆုံးလေ့ ရှိတယ်လို့ သူက ရှင်းပြပါတယ်။
ကယ်ဆယ်ရေး အဖွဲ့တွေဟာ ခွန်အားလက်ကျန် အရှိဆုံးလို့ ယုံကြည်ရတဲ့ ဝေလငါး နှစ်ကောင်ကို ပင်လယ်ဖက် ပြန်လွှတ်ပေးခဲ့ပေမယ့် တကောင်ပဲ အောင်အောင်မြင်မြင် လွတ်မြောက်သွားပါတယ်။ တကောင်က လမ်းကြောင်းမှားပြီး နောက်တကြိမ် ကမ်းတင်ရာက သေဆုံးသွားပြန်တာကြောင့်ပါ။ ကျန်တဲ့ ဝေလငါးတွေလည်း နောက်ပိုင်းမှာ ဆက်တိုက် သေဆုံးကုန်တာကြောင့် တကောင်တည်းကိုပဲ ကယ်တင်နိုင်ခဲ့တဲ့ သဘောပါပဲ။
ဝေလငါးတွေ အစုလိုက် သောင်တင် သေဆုံးတဲ့ ဖြစ်စဉ်တွေမှာ တိကျတဲ့ အကြောင်းရင်း သတ်မှတ်ဖို့ ခက်ခဲသလို ပညာရှင်တွေ ခေါင်းအစားဆုံး မေးခွန်းတခုအဖြစ် ရှိနေဆဲပါ။ အဓိက ယုံကြည်လက်ခံထားတဲ့ သီအိုရီ တခုကတော့ ဝေလငါးတွေဟာ ဉာဏ်ရည်မြင့်မားပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တဲ့ သတ္တဝါတွေ ဖြစ်တာကြောင့် တကောင်က အခက်ကြုံလို့ အော်ဟစ်မြည်ကြွေးသံကို ပင်လယ်ထဲက တခြားဝေလငါးတွေက ကြားလို့ လာရောက်ကူညီကြရင်း အစုလိုက် သောင်တင်ကုန်တယ်ဆိုတာပါ။ ဒါပေမဲ့လည်း အဲဒီအတွေးအခေါ်ကလည်း ထင်ကြေးသဘောသာ ဖြစ်ပါတယ်။
လမ်းပြဝေလငါးတွေ အစုအပြုံလိုက် သောင်တင်သေဆုံးတဲ့ ဖြစ်စဉ်တွေဟာ ကမ္ဘာအနှံ့မှာ မကြာခဏ ကြားရတတ်တဲ့ ပြဿနာမျိုးပါ။ ၂၀၂၀ ပြည့်နှစ်တုန်းက ဩစတြေးလျတောင်ပိုင်း၊ တက်စ်မေးနီးယားကျွန်း ကမ်းခြေတခုမှာ စံချိန်တင် အရေအတွက်အဖြစ် လမ်းပြဝေလငါး အကောင်ရေ ၄၅၀ ကျော် သောင်တင်နေတာကို တွေ့ရှိခဲ့ရဖူးပါတယ်။
Ref: CNN