ဇူလိုင်၊ ၁၈
အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က အီးမေးလ်တချို့ကို ရုရှားရဲ့ မဟာမိတ် နိုင်ငံတခုဆီ မှားယွင်း ပေးပို့မိခဲ့ကြောင်း သိရပါတယ်။
အသေးစား စာစီစာရိုက် အမှားအယွင်း တခုကနေ မာလီနိုင်ငံဆီ ပင်တဂွန်ရဲ့ အီးမေးလ်တွေ ရောက်သွားခဲ့တာလို့ ဆိုပါတယ်။ အာဖရိကတိုက်မှာရှိတဲ့ မာလီနိုင်ငံဟာ ရုရှားနဲ့ မဟာမိတ်ဆန်တဲ့ ရပ်တည်မှုမျိုး ရှိနေပါတယ်။
အမေရိကန်ရဲ့ စစ်ရေးဌာနတွေရဲ့ အီးမေးလ်လိပ်စာတွေမှာ Militaryရဲ့ အတိုကောက်ဖြစ်တဲ့ .milဆိုတဲ့ ဒိုမိန်းကို အသုံးပြုလေ့ ရှိပါတယ်။ ဒါပေမဲ့ စာရိုက်တာမှားပြီး Maliရဲ့ အတိုကောက် .mlလို့ ရေးမိရာက အီးမေးလ်တချို့ဟာ အနောက်အာဖရိက နိုင်ငံဆီ မှားယွင်း ရောက်ရှိသွားခဲ့တာပါ။
မာလီဆီ မှားရောက်သွားတဲ့ အီးမေးလ်တွေထဲက တချို့မှာ ထိပ်တန်း စစ်ဘက်ဆိုင်ရာ အရာရှိ တချို့ အသုံးပြုနေတဲ့ password စကားဝှက်တွေ၊ ဆေးကုသမှု မှတ်တမ်းတွေနဲ့ ခရီးစဉ် မှတ်တမ်းတွေလို ထိလွယ်ရှလွယ် အချက်အလက်တွေ ပါသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပင်တဂွန်ကတော့ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း ပြောပါတယ်။
ဒီလို မှားယွင်းမှုမျိုးဟာ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီးပြီလို့ ယုံကြည်ရပါတယ်။ နယ်သာလန် အင်တာနက် စွန့်ဦး လုပ်ငန်းရှင် ယိုဟာနက်စ် ဇူဘာရီဟာ ဒီပြဿနာကို ၂၀၁၃ ခုနှစ် ကတည်းက ထောက်ပြခဲ့ဖူးပါတယ်။ သူဟာ မာလီနိုင်ငံက အသုံးပြုတဲ့ ဒိုမိန်းတွေကို စာချုပ်ချုပ်ဆို တာဝန်ယူနေခဲ့ပြီး မကြာသေးခင် လပိုင်းတွေအတွင်း မာလီက အဖွဲ့တွေဆီ မှားယွင်းရောက်ရှိခဲ့တဲ့ အီးမေးလ်ပေါင်း ထောင်ဂဏန်းလောက်ထိ များပြားနိုင်တာကို သတိပြုမိခဲ့ကြောင်း ဇူဘာရီက ဆိုပါတယ်။
အခုလ အစောပိုင်းမှာတော့ ဇူဘာရီက စာရိုက်တာ မှားယွင်းလို့ အီးမေးလ်တွေ နေရာမှား ရောက်နိုင်တယ်ဆိုတဲ့ ကိစ္စကို အမေရိကန် အာဏာပိုင်တွေဆီ စာရေးသား အသိပေးရာက ပင်တဂွန်ဟာ ဒီပြဿနာကို အာရုံစိုက်မိလာတာ ဖြစ်ပါတယ်။ သူက မာလီနဲ့ သူ့ကုမ္ပဏီ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ မကြာခင် ပြီးဆုံးတော့မှာဖြစ်ပြီး မာလီ စစ်အစိုးရက ဒိုမိန်းတွေကို လက်လွှဲယူတော့မှာ ဖြစ်တာကြောင့် အမေရိကန်ရဲ့ အရေးကြီးတဲ့ အချက်အလက်တွေက ပြိုင်ဘက်နိုင်ငံဆီ အလွယ်တကူ ရောက်ရှိသွားနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။
အမေရိကန် စစ်ဘက်ကတော့ ထိပ်တန်းအဆင့် အရေးအကြီးဆုံး အီးမေးလ်တွေကို သီးသန့် သတ်မှတ်ထားတဲ့ channelတွေကပဲ ပေးပို့တာကြောင့် အဲဒီလို အီးမေးလ်မျိုးတွေကတော့ ပေါက်ကြားမှု မရှိနိုင်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့လည်း လုံခြုံရေး သုတေသီတွေကတော့ အန္တရာယ် မရှိလောက်ပါဘူးလို့ ယုံကြည်ရတဲ့ အီးမေးလ် အချက်အလက် တချို့ကတောင်မှ ပါးနပ်တဲ့ ပြိုင်ဘက် ထောက်လှမ်းရေးတွေအတွက် အမြတ်ထုတ်နိုင်လောက်အောင် အသုံးတည့်သွားနိုင်ကြောင်း သတိပေးထားပါတယ်။
Ref: BBC