အထည်ချုပ်စက်ရုံ အမျိုးသမီးလုပ်သားတွေ ဆဲဆိုခံရမှုနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတာတွေ ပိုများလာ

ဇူလိုင်၊ ၁၈
 
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ပိုဖြစ်လာပြီး အဲဒီထဲမှာတော့ အမျိုးသမီးလုပ်သားတွေဟာ လုပ်ငန်းခွင်အတွင်း ဆဲဆို၊ ဖိနှိပ်ခံရတာတွေနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကို အရင်ထက် ပိုကြုံတွေ့ရင်ဆိုင်နေကြရတယ်လို့ အထည်ချုပ်လုပ်ငန်းခွင်က အမျိုးသမီးတွေက ပြောဆိုကြပါတယ်။
စက်ရုံ၊ အလုပ်ရုံနဲ့ အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်တွေမှာ အလုပ်ရှင်၊ အလုပ်သမား ကြီးကြပ်သူတွေက စိတ်တိုင်းမကျတဲ့ အခါမျိုးမှာ ရုန့်ရင်းကြမ်းတမ်းနဲ့ စကားလုံးတွေသုံးပြီး အော်ဟစ်ဆဲဆိုတာတွေကို အမျိုးသမီး အလုပ်သမားတွေ မကြာခဏဆိုသလို ကြုံတွေ့ခံစားနေရတယ်လို့ လုပ်ငန်းခွင်ထဲက အမျိုးသမီးတွေက ပြောဆိုကြပါတယ်။
” စက်ရုံတိုင်းလိုလိုကတော့ ရှိမှာပဲ၊ မရှိဘူးဆိုတဲ့ စက်ရုံက လိမ်တယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ခိုင်းတဲ့နေရာမှာတွေမှာကျတော့ အာဏာနဲ့ ခိုင်းတာဖြစ်တဲ့အတွက်ကြောင့်မို့ မနက်မိုးလင်းပြီဆိုတာနဲ့ အဆဲပေါင်း တထောင်နဲ့ပေါ့နော် သူတို့ဆဲကြတယ်၊ ပြောကြတယ်၊ မနာနာအောင်ပြောတယ်။ ဝန်ထမ်းတွေက စိတ်ပျက်တယ်။ အဲလိုမျိုးတွေပေါ့နော်။ ပြောရမယ်ဆိုရင် ဒီလုပ်ငန်းခွင်ကနေ မစွန့်ခွာနိုင်တဲ့ သူတွေကတော့ ဒီလိုအဆဲပေါင်း နားယဥ်စွာနဲ့ပဲ ဆက်ပြီးလုပ်နေရတာတွေ ရှိတယ်ပေါ့နော်။ အချို့ကလည်း အဆဲမခံနိုင်ကြလို့ ထွက်သွားကြတဲ့ သူတွေရှိတယ်။ အချို့စက်ရုံတွေဆို နာမည်တောင်ကြီးတယ်၊ ဒီစက်ရုံက အရမ်းကြမ်းတယ်၊ အရမ်းဆဲတာ၊ အဲလိုစက်ရုံမှာ သွားလုပ်ဖို့ မသင့်တော်ဘူး ဆိုပြီးတော့လေ ” လို့ ရွှေပြည်သာမြို့နယ် စက်မှုဇုန်ထဲက စက်ရုံအလုပ်သမား အမျိုးသမီးတဦးကတော့ လုပ်ငန်းခွင်တွေမှာ သူကြုံနေရတာတွေကို ပြောပြပါတယ်။
ဒါ့အပြင် အဲဒီလို ဆဲဆိုတာတွေကို နိုင်ငံခြားသား လုပ်ငန်းရှင်တွေသာမဟုတ်ဘဲ အလုပ်သမားကြီးကြပ်မှုအပိုင်း ရာထူးရထားတဲ့ မြန်မာလူမျိုးတွေကပါ ပြုလုပ်နေတာလို့ ဆက်ပြောပြပါတယ်။
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်မှာရှိတဲ့ F Z Garment အထည်ချုပ်စက်ရုံမှာတော့ လုပ်ငန်းခွင်ထဲ အဲလိုဆဲဆိုခံရတာတွေကို အမျိုးသမီးအလုပ်သမားတွေ နေ့တိုင်းနီးပါး ကြုံနေရတဲ့အခြေအနေကို အခုဇူလိုင်လထဲမှာ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အမျိုးသမီးကော်မတီတာဝန်ခံ ကတော့ အမျိုးသမီးတွေအပေါ် အဲလိုဆဲဆိုတာတွေဟာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ရာ ရောက်တယ်လို့ ပြောပါတယ်။
အဲဒီလို လုပ်ငန်းခွင်ထဲ အော်ဟစ်ဆဲဆိုကြိမ်းမောင်းတာတွေဟာ F Z Garment စက်ရုံတခုတည်းမှာမဟုတ်ဘဲ အခြားစက်ရုံတချို့မှာလည်း ကြုံရလေ့ရှိပြီး ပြန်ပြောရင် အလုပ်ထုတ်ခံရမှာစိုးလို့ အလုပ်သမားတွေလည်း ပြန်ပြောဖို့ အခွင့်မသာကြဘူးလို့ အလုပ်သမားတွေက ဆိုကြပါတယ်။
တရုတ်နိုင်ငံသား လုပ်ငန်းရှင်က ပိုင်ဆိုင်ပြီး အလုပ်သမားတထောင်ကျော်နဲ့ လည်ပတ်နေတဲ့ အဲဒီ F Z Garment စက်ရုံမှာတော့ အခုလို ဆဲဆိုတာတွေအပြင် အမျိုးသမီးအလုပ်သမားတွေကို အချိန်ပို အတင်းဆင်းခိုင်းတာ၊ အချိန်ပို ဆင်းဖို့ငြင်းဆန်တဲ့ သူတွေကို အလုပ်ထုတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။
F Z Garment အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေ လုပ်အားခေါင်းပုံဖြတ်ခံရတာ၊ အဓ္ဓမအလုပ်ခိုင်းစေခံရတာ စတဲ့အခြေအနေတွေကို အလုပ်သမားအရေး လှုပ်ရှားသူတဦးက အခုလိုပြောပါတယ်။
” လုပ်အားခေါင်းပုံဖြတ်မှု ဆိုတာကတော့ အခုအခြားရုံတွေမှာ ၅၆၀၀ တွေပေးတယ်။ ဒါပေမယ့် ၄၆၀၀ နဲ့ ခိုင်းနေတဲ့ အလုပ်သမားတွေ ရှိတယ်၊ ၃၆၀၀ ပေးပြီး ခိုင်းနေတဲ့ အလုပ်သမားတွေရှိတယ်။ ဒီလိုမျိုး ခိုင်းစေမှုတွေလည်း ရှိတယ်ပေါ့နော်။ အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ မဖြစ်မနေ ပေးရမယ် ၅၆၀၀ ဆိုတဲ့ ပုံစံမျိုး မဟုတ်တဲ့အတွက် အခုအခြေအနေက နားလည်မှုနဲ့ သူတို့ပေးချင်ပေးမယ်၊ မပေးချင်တဲ့အချိန်ကျ မပေးတော့ဘူး၊ အချိန်မရွေး ဒီလုပ်အားကို လျော့ချလို့ရတယ်ဆိုတဲ့ ပုံစံမျိုး ပေးထားတဲ့ အနေအထားဖြစ်တဲ့အတွက် ၅၆၀၀ ရတဲ့သူလည်း ရှိတယ်၊ ၄၈၀၀၊ ၃၆၀၀ ရတဲ့သူလည်း ရှိတယ်။ ဒီလိုပုံစံမျိုး လုပ်အားအပေါ်မှာတော့ ခေါင်းပုံဖြတ်ခံရသူတွေ ရှိတယ်။ နောက် OT (အချိန်ပို) မဆင်းချင်ရင်လည်း မဆင်းချင်လို့မရဘူး၊ ဆင်းကိုဆင်းရမယ်၊ မဆင်းဘူးဆိုရင် နောက်ရက် အလုပ်လာစရာမလိုဘူး ဆိုတဲ့ ပုံစံမျိုးတွေ့ပေါ့နော်၊ နောက် အထည်တွေဆိုလည်း တနာရီမှာ နှစ်ရာရအောင်ကို လုပ်ပေးရမယ်၊ မရဘူးဆိုလို့ရှိရင် အလုပ်ထွက်၊ Warning ထိုး ဒီလိုမျိုး အဓမ္မခိုင်းစေခံနေရတာတွေလည်း ရှိတယ်။ OT ကြေးဆိုလည်း မရဘူး၊ အခု F Z Garment စက်ရုံမှာဆိုရင် တပတ်မှာ သုံးရက်လောက် အလကား OT ဆင်းပေးရတယ် ” လို့ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အမျိုးသမီးကော်မတီတာဝန်ခံ မခင်သန္တာက ပြောပါတယ်။
ဒါ့အပြင် တချို့စက်ရုံတွေမှာတော့ အမျိုးသမီးတွေကို နှုတ်နဲ့ ဆဲဆိုတာတွေအပြင် ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေပါ ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ကပဲ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ Gold Emperor (1) ဖိနပ်ချုပ်စက်ရုံမှာ တရုတ်လူမျိုး အလုပ်ကြီးကြပ်သူက အမျိုးသမီးအလုပ်သမားတဦးရဲ့ ခေါင်းကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ အမျိုးသမီးအလုပ်သမားက အလုပ်လုပ်တာ အဆင်မပြေလို့ဆိုကာ အခုလိုပစ်ပေါက်ခဲ့တာဖြစ်ပြီး အလုပ်သမားအရေး စီမံခန့်ခွဲနေတဲ့ HR ဌာနကလည်း အဲဒီလုပ်ရပ်အပေါ် ဘာမှ ပြောဆိုအရေးယူတာမရှိဘူးလို့ အလုပ်သမားတွေထံကနေ သိရပါတယ်။
ဒါ့အပြင် တချို့စက်ရုံတွေမှာ အမျိုးသားအလုပ်သမားတွေကိုသာ ဂိတ်ပက်လို့ခေါ်တဲ့ အရေးပေါ်ကိစ္စ ရှိတဲ့အခါကျ အပြင်ထွက်ခွင့်ပေးပြီး အမျိုးသမီးတွေကိုကျ မပေးဘဲ ခွဲခြားဆက်ဆံတာမျိုးတွေလည်း ရှိတယ်လို့လည်း အမျိုးသမီးလုပ်သားတွေက ဆိုကြပါတယ်။
ညီမတို့ အမျိုးသမီးတွေဆိုရင် တခါတလေ နေမကောင်းဖြစ်တာတွေ ရှိတယ်၊ ကိုယ်ဝန်သည်တွေဆို အလုပ်မှာ ဝင်ရတာ အဆင်မပြေဘူး၊ နေမကောင်းတဲ့အခါကျလည်း အလုပ်လာရတယ်။ ပြီးရင် တခုခုအရေးကြီးတာ ဆိုရင်လည်း ဂိတ်ပက် မရဘူး၊ ဂိတ်ပက်နဲ့ ပြန်ဖို့ အဆင်မပြေဘူး၊ မပြန်ခိုင်းဘူး။ ယောကျ်ားလေးတွေကျတော့ ဂိတ်ပက်ရတယ်။ မိန်းကလေးတွေကျတော့ ဂိတ်ပက်အဆင်မပြေဘူး။ မိန်းကလေးတွေကတော့ ခက်ကိုခက်နေတာ အဲလိုဖြစ်နေတယ် ” လို့ စက်ရုံဝန်ထမ်းအမျိုးသမီးက ဆိုပါတယ်။
အလားတူပဲ အမျိုးသမီးတွေအနေနဲ့ လစဥ်ဓမ္မတာ လာချိန်မျိုးတွေ၊ ကိုယ်ဝန်ဆောင်စဥ် နေမကောင်းဖြစ်တဲ့ အချိန်မျိုးတွေမှာလည်း အလုပ်ဆင်းရတဲ့ အခြေအနေမျိုးတွေ ရှိတယ်လို့ သိရပါတယ်။
ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ထဲက အမျိုးသမီးအလုပ်သမားတဦးကတော့ နေမကောင်းလို့ ခွင့်ယူတာကို ခွင့်ခဏခဏယူတယ်ဆိုပြီး လုပ်ခဖြတ်ခံရတာတွေ ကြုံရဖူးတယ်လို့ DNA ကို ပြောပါတယ်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်မှာကတော့ အလုပ်သမားတဦးအနေနဲ့ လုပ်ခလစာအပြည်နဲ့ တနှစ်လျှင် ရှောင်တခင်ခွင့် ခြောက်ရက် ခံစားခွင့်ရှိတဲ့အပြင် လုပ်သက်ခြောက်လ ပြည့်ပြီးသူတိုင်း လစာအပြည့်နဲ့ တနှစ်လျှင် ဆေးခွင့် ရက်သုံးဆယ် ခံစားခွင့်ရှိတယ်လို့ ပါရှိပါတယ်။
လုပ်ငန်းခွင်ထဲမှာ အမျိုးသမီးအလုပ်သမားတွေကို ဆဲဆိုမှုဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်ပြီး ဒီလိုမလုပ်ဆောင်ဖို့ကို အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားချက်တွေ ထုတ်ပြန်ထားတာတွေလည်း ရှိနေပါတယ်။
ဥပဒေအရဆိုရင်တော့ မည်သူတဦးတယောက်ကိုမဆို အများရှေ့မှာ ညစ်ညမ်းတဲ့ စကားလုံးတွေသုံးပြီး ဆဲဆိုတာဟာ ရာဇသတ်ကြီးပုဒ်မ ၂၉၄ အရ ပြစ်မှုမြောက်ပြီး ကျူးလွန်သူဟာ ထောင်ဒဏ်သုံးလအထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။
တရားမျှတမှု ဖော်ဆောင်နေတဲ့ အစိုးရပ်တရပ် မရှိသေးတဲ့ အခုလိုအချိန်ကို အလုပ်ရှင်တွေက အခွင့်ကောင်းယူပြီး အမျိုးသမီးတွေအပေါ် နိုင်ထက်စီးနင်း လုပ်ဆောင်နေကြတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ဆိုကြပါတယ်။
” ဒီနောက်ပိုင်းမှာဆိုရင် အလုပ်သမားတွေအပေါ်မှာ လုပ်ခလစာနဲ့ပတ်သက်ပြီး ခေါင်းပုံဖြတ်တဲ့ ကိစ္စတွေလည်း အများကြီး ဖြစ်လာတယ်ပေါ့နော်။ အဲဒါက ဘာလဲဆိုရင် ဥပဒေအကြောင်းအရ စိုးမိုးမှု မရှိတဲ့အခါမှာ၊ နောက်ပြီးလို့ရှိရင် တရားမျှတမှုအနေနဲ့ ဖော်ဆောင်နေတဲ့ ဒီမိုကရေစီအစိုးရတရပ် မဟုတ်တဲ့အခါမှာ ဒီလိုအခင်းအကျင်းတွေက ဖြစ်လာနိုင်တယ်ပေါ့နော်။ ဆိုတော့ ဒီအပေါ်မှာ အခွင့်ကောင်းယူပြီးတော့ အလုပ်ရှင်တွေ၊ ကြီးကြပ်သူတွေက ဒီလိုမျိုး ကျူးလွန်တဲ့လုပ်ရပ်တွေကို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဆိုရင် နိုင်ထက်စီးနင်း ပြုလို့ရတယ်၊ ပြီးရင် အနိုင်ကျင့်လို့ ရတယ်ဆိုတဲ့ သဘောမျိုးနဲ့ လုပ်နေတယ် ” လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ တွဲဖက်အတွင်းရေးမှူး (၁) မဇူးပဒုမ္မာက ပြောပါတယ်။
လက်ရှိမှာလည်း စက်ရုံတွေမှာ အလုပ်သမားတွေအနေနဲ့ အသင်းအဖွဲ့တွေ ဖွဲ့တာ၊ အလုပ်သမား အခွင့်အရေး တောင်းဆိုတာတွေ မလုပ်ဖို့ အလုပ်ရှင်တွေက မကြာခဏဖိအားပေးနေပြီး မလိုက်နာတဲ့သူတွေကို စစ်တပ်နဲ့ ဖမ်းဆီးခိုင်းမယ်လို့ ခြိမ်းခြောက်မှုတွေလည်း ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းကပဲ လုပ်ခလစာ တောင်းပေးဖို့ တောင်းဆိုကြတဲ့ ဟိုစိမ့် (မြန်မာ)နဲ့ Sun Apparel Myanmar အထည်ချုပ်စက်ရုံတွေက အလုပ်သမားအမျိုးသမီး ၅ ဦးအပါအဝင် ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ပါသေးတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အလုပ်သမားတွေကို ဖိနှိပ်တာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေ လုပ်နေတဲ့ အလုပ်ရှင်တွေကို အရေးယူမှုတွေ ဆောင်ရွက်မှာဖြစ်တယ်လို့ ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အလုပ်သမားတွေအနေနဲ့ ကုန်စျေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု၊ မိသားစု စားဝတ်နေရေး မပြေလည်မှုတွေ ရှိနေတာကြောင့် အလုပ်ခွင်ထဲမှာ ဖိနှိပ်နေမှန်း သိပေမယ့်လည်း ခေါင်းငုံ့ခံနေရတဲ့ အခြေအနေကိုလည်း ကြုံနေကြရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုကြပါတယ်။
” စားဝတ်နေရေးအရ၊ လိုအပ်ချက်အရ လုပ်ငန်းခွင်ထဲမှာ ဝင်ရောက်လုပ်ကိုင်နေရတဲ့ ဒီအလုပ်သမားတွေရဲ့ဘဝက တွေးကြည့်ရင် တကယ်ရင်နာစရာကောင်းတယ်။ ကုန်စျေးနှုန်းကလည်း တက်၊ အလုပ်ကိုင်အခွင့်အလမ်းကလည်း ရှားပါး၊ ဒါကြောင့်မို့လို့ ဖိနှိပ်ခံထားရမှန်း သိတယ်၊ မတရားခံထားရမှန်း သိတယ်၊ လူပါးဝပြီး ခိုင်းနေမှန်းသိပေမယ့်လည်း သိသိကြီးနဲ့ပဲ စားဝတ်နေရေးအရ၊ ဘဝရပ်တည်ရေးအရ၊ နောက်က မိသားစု အဆင်ပြေဖို့အတွက်ပေါ့နော် ဒီလိုဖိနှိပ်မှုတွေ ကြားထဲကပဲ ခေါင်းငုံ့ပြီးတော့ ဒီငရဲခန်းနဲ့ မခြားတဲ့ လုပ်ငန်းခွင်တွေထဲမှာ အသက်ရှူကြပ်ကြပ်နဲ့ပဲ နေ့စဥ်လုပ်နေရတယ် ” လို့ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အမျိုးသမီးကော်မတီတာဝန်ခံ မခင်သန္တာက ပြောပါတယ်။
 
ဓာတ်ပုံ – မောင်ထက်