ဂန့်ဂေါမှာ တိုက်ပွဲဖြစ်ပွားစဉ် စစ်ရှောင်အမျိုးသမီးတဦး နှလုံးဖောက်ပြီးသေဆုံး

ဇူလိုင်၊ ၁၇
 
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာ တောင်ဘက်မှာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တောင်ခင်ရန်းရွာ ရဲစခန်း က ပျူစောထီး တွေပါဝင်တဲ့ စစ်ကောင်စီ အဖွဲ့ဝင်တွေ ဇူလိုင် ၁၅ ရက်မနက် ၁၁ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ပြေးရှောင်တဲ့ အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” အဓိကကတော့ တောင်ခင်ရန်းက လက်နက်ကြီးတွေနဲ့ နင်းကန်ပစ်တာဗျ။ အဲ့ဒီမှာ သာလင်းရွာက အသက်သုံးဆယ်ကျော် အမျိုးသမီး ရှောင်ပြေးရင်း နှလုံးဖောက်သွားတာဗျ။ သာလင်းရွာ တောင်ဘက် ကျောက်ချပ်အရောက်မှာ သေတာပါ။ စစ်ပြေးတဲ့ လှည်းတစီးကိုလည်း လက်နက်ကြီးမှန်လို့ နွားတကောင်လည်း ခြေပြတ်ပြီးသေတယ်၊ လှည်းရှင်ကိုတော့ မမှန်ဘူး၊ လှည်းပေါ်ကနေ ခုန်ချပြေးခဲ့တယ်။ မသေဘဲကျန်ခဲ့တဲ့ လှည်းက နွားတကောင်က သူတကောင်ထဲ လှည်းကို စစ်ရှောင်တဲထိ ရောက်အောင်ရုန်းပြီး လာခဲ့တာ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
သာလင်းကျေးရွာဟာ တောင်ခင်ရန်းရွာရဲ့အရှေ့တောင်ဘက် ကပ်လျက်တည်ရှိတာကြောင့် တောင်ခင်ရန်း ရဲစခန်းနဲ့လည်း နီးပြီး အိမ်ခြေသုံးရာကျော်ရှိတဲ့ ကျေးရွာတရွာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
တောင်ခင်ရန်း ရဲစခန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပြီးခဲ့တဲ့ မေလကတည်းက စစ်ရေးတင်းမာမှု ပြင်းထန်ခဲ့တာကြောင့် ကျေးရွာထဲက ဒေသခံအများစုဟာ မေလထဲမှာပဲ ကျေးရွာကို စွန့်ခွာတိမ်းရှောင်ခဲ့ကြပေမယ့် သာလင်းကျေးရွာကတော့ တိုက်ပွဲဖြစ်ပွားတဲ့ ဇူလိုင် ၁၅ ရက်မှာမှ တိမ်းရှောင်ကြတာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” တောင်ခင်ရန်းရွာထဲမှာ ဖြစ်တုန်းကလည်း သာလင်းမှာက ဘာမှမဖြစ်သေးဘူးဆိုတော့ နေကြတာပ။ ခုတိုက်ပွဲဖြစ်တော့ သူတို့လည်း ရှောင်ကြပြီ။ သာလင်းရွာက လူတွေ ရှိနေတုန်းကတော့ ရွာက တောင်ခင်ရန်း ရဲစခန်းရဲ့တောင်ဘက် အရှေ့ယွန်းယွန်းမှာဆိုတော့ သူတို့အတွက် ကာဘာရသလို ဖြစ်နေတာ။ အခုတော့ သူတို့မှာ ဘာကာဘာမှ မရှိတော့ဘူး။ အဲဒါကြောင့် သူတို့ ဝင်တိုက်ခံရမှာ ကြောက်ပြီး လက်နက်ကြီးတွေနဲ့ ပိုထုလာတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ဇွန် ၁၅ ရက်နေ့မနက်ပိုင်းမှာ တောင်ခင်ရန်းရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကို ဂန့်ဂေါခရိုင်တပ်ရင်း (၁) က အတည်ပြုပြောဆိုပြီး ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ သိရှိရခြင်း မရှိသေးပါဘူး။
 
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တောင်ခင်ရန်းရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေ စစ်ရေးတင်းမာနေတာကြောင့် ဇူလိုင် ၁၇ ရက်အထိ သာလင်းရွာက ပြည်သူတွေဟာ တိမ်းရှောင်နေကြရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
 
တောင်ခင်ရန်းစခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာဟာ စစ်အာဏာသိမ်းပြီးကတည်းကဖြစ်ပြီး စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့စစ်ကြောင်းထိုး မီးရှို့မှုတွေကြောင့် အနီးဝန်းကျင်က ရွှေဘို၊ သင်တော၊ စမ်းမြို့ ကျေးရွာတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရတာ နှစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
 
ဒါပေမယ့် စစ်ကောင်စီစခန်းရှိတဲ့ တောင်ခင်ရန်းရွာက ဒေသခံတွေက ပြီးခဲ့တဲ့ မေလက စတင်ဖြစ်ပွားခဲ့ ဒေသခံကာကွယ်ရေးတွေနဲ့ စစ်ကောင်စီတပ်တွေအကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် တိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။
 
တောင်ခင်ရန်းစခန်းဝန်းကျင်မှာ ကျန်ရစ်ခဲ့တဲ့ သာလင်းရွာဟာလည်း ပြီးခဲ့တဲ့တနေ့က ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့အတွက် တောင်ခင်ရန်းစခန်း ဝန်းကျင်မှာ အရပ်သားပြည်သူ နေထိုင်မှု မရှိသလောက်ဖြစ်သွားပြီ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဓာတ်ပုံ – Social Media