မက်ဂွိုင်းယားရဲ့ အသင်းခေါင်းဆောင် ရာထူးကို မန်ချက်စတာ ယူနိုက်တက် ရုပ်သိမ်း

ဇူလိုင်၊ ၁၇

မန်ချက်စတာ ယူနိုက်တက်ဟာ ဟယ်ရီ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင် ခန့်အပ်ထားမှုကနေ ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် အင်္ဂလန် လက်ရွေးစင် ခံစစ်မှူးက သူဟာ မန်နေဂျာ အဲရစ်တန်ဟက်ဂ်ရဲ့ ဆုံးဖြတ်ချက်အရ အသင်းခေါင်းဆောင် အဖြစ်ကနေ ဖယ်ရှားခံလိုက်ရတယ် ဆိုတာကို အတည်ပြုသွားခဲ့ပါတယ်။ မက်ဂွိုင်းယားဟာ လက်စတာစီးတီးကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာပြီး ၅ လအကြာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ကတည်းက ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဖြစ်လာခဲ့တာပါ။ တန်ဟက်ဂ် မတိုင်ခင်က အသင်းကို ကိုင်တွယ်ခဲ့တဲ့ အိုလေဂန်နာ ဆိုးလ်ရှား လက်ထက်မှာ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင် လက်ပတ် အပ်နှင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ မက်ဂွိုင်းယားဟာ အသင်းကို တန်ဟက်ဂ် ဦးဆောင်လာတဲ့ ပြီးခဲ့တဲ့ ရာသီမှာ အဓိက ပွဲထွက် ကစားသမားနေရာ ဆုံးရှုံးသွားခဲ့ပြီး အသင်းရဲ့ တရာသီလုံး ဖြတ်သန်းမှု စုစုပေါင်း ၆၂ ပွဲမှာ ၃၁ ပွဲသာ ကစားခွင့် ရခဲ့ပါတယ်။ မက်ဂွိုင်းယား ဝင်မကစားရတဲ့ ပွဲအများစုမှာ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် ဘရူနို ဖာနန်ဒက်စ်က အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခဲ့ပါတယ်။

အခုနှစ် ဘောလုံးရာသီ မစခင်မှာတော့ တန်ဟက်ဂ်ဟာ ပြတ်ပြတ်သားသားပဲ မက်ဂွိုင်းယားဆီက အသင်းခေါင်းဆောင် ရာထူးကို ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ မန်နေဂျာနဲ့ ဆွေးနွေးခဲ့ရာမှာတော့ အသင်းခေါင်းဆောင် အပြောင်းအလဲ ဖြစ်တော့မယ် ဆိုတာကို သိရှိခဲ့ကြောင်း၊ မန်နေဂျာက သူ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ သေသေချာချာ ရှင်းပြခဲ့ကြောင်း၊ ဒီကိစ္စကို ပုဂ္ဂိုလ်ရေးအရ အရမ်း စိတ်ပျက်ခဲ့မိပေမယ့် ဒီအသင်းရဲ့ ဂျာစီကို ကိုယ်စားပြု ဝတ်ဆင်နေချိန် တလျှောက်လုံးမှာ အကောင်းဆုံး ဆက်လက် ပေးဆပ်နေမှာဖြစ်ကြောင်း မက်ဂွိုင်းယားက ကြေညာခဲ့ပါတယ်။

အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခွင့် ရခဲ့တဲ့ ကာလတွေအတွင်း သူ့ကို အားပေး ထောက်ခံခဲ့ကြတဲ့ ပရိသတ်တွေ ကျေးဇူးတင်ကြောင်း၊ ယူနိုက်တက် အသင်းခေါင်းဆောင်အဖြစ် ၃ နှစ်ခွဲကြာ ဖြတ်သန်းခဲ့ရတာဟာ သူ့ဘ​ဝမှာ အကြီးမားဆုံး ဂုဏ်ယူစရာ တခုလည်း ဖြစ်ခဲ့ကြောင်း မက်ဂွိုင်းယားက ပြောကြားသွားပါတယ်။

သူဟာ အသင်းနဲ့ ၂၀၂၅ ခုနှစ်ထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး အခုရာသီမှာပဲ အသင်းပြောင်းဖွယ် ရှိတယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ထွက်ပေါ်နေပေမယ့် တိတိကျကျ ချဉ်းကပ် ကမ်းလှမ်းတဲ့ အသင်းတွေတော့ မရှိသေးပါဘူး။ တန်ဟက်ဂ် လက်ထက်မှာတော့ ရာဖာရဲလ် ဗာရာနီနဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ဟာ ယူနိုက်တက်ရဲ့ အမာခံ ခံစစ်အတွဲ ဖြစ်လာပြီး မာတီနက်ဇ် ဒဏ်ရာရသွားတဲ့ အချိန်မှာတောင် တန်ဟက်ဂ်က မက်ဂွိုင်းယားကို နေရာမပေးဘဲ ဆွီဒင် နောက်ခံလူ ဗစ်တာ လင်ဒီလော့ဖ်ကိုသာ ပွဲထွက်စေခဲ့ပါတယ်။

 

Ref: BBC