ခင်ဦးနယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ အရပ်သားတဦးသေဆုံးပြီး တဦးဒဏ်ရာရ

ဇူလိုင်၊ ၁၆
 
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက ဇူလိုင်လ ၁၆ ရက် ဒီကနေ့ နေ့လယ်က စစ်ဘေးရှောင်တွေရှိနေတဲ့ စာသင်ကျောင်းထဲကို လက်နက်ကြီးနဲ့ ပတ်ခတ်ခဲ့တာကြောင့် အသက်ငါးဆယ်အရွယ် အမျိုးသားတဦး သေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ကိုနေသူရက DNA ကိုပြောပါတယ်။
 
” ဒီနေ့မနက်မှာ တဲဘိုပင်ရွာ ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ခင်ဦးနယ်အနောက်ခြမ်းဘက်ကို ရောက်လာတယ်။ စစ်ကောင်စီတပ်က ရေဦးမြို့နယ်ဘက်ကို ပြန်အထွက်မှာ ၆၀ မမ လက်နက်ကြီးနဲ့ ရန်းသမ်းပစ်တာကြောင့် အင်းပတ်ကျေးရွာ စာသင်ကျောင်း ထဲမှာရှိနေတဲ့ စစ်ဘေးရှောင်တွေထဲကို ကျလို့ တဦးသေဆုံးပြီး တဦးဒဏ်ရာရခဲ့ပါတယ် ” လို့ ကိုနေသူရက ပြောပါတယ်။
 
စစ်ကောင်စီတပ်က လနက်ကြီးနဲ့ပစ်ခတ်လို့ သေဆုံးခဲ့သူဟာ အင်းပတ်ကျေးရွာက အသက်ငါးဆယ်အရွယ် ဦးသန်းစိုးဖြစ်ပြီး အခင်းဖြစ်ပွားတဲ့နေရာမှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ နောက်ထပ် လက်နက်ကြီးထိမှန် ဒဏ်ရာရသူကလည်း အင်းပတ်ကျေးရွာက အသက်သုံးဆယ်အရွယ် အမျိုးသားဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ကျေးရွာထဲမှာရှိတဲ့ နွားသုံးကောင်လည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ဖော်ပြထားပါတယ်။
 
ခင်ဦးမြို့နယ်ထဲ အင်းပတ်ကွေ့မှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ရွာသစ်ကုန်းရွာက ပျူစောထီးအဖွဲ့တွေကလည်း ဇူလိုင် ၁၆ ရက် မနက် ၁၁ နာရီခန့်က ချမ်းသာကုန်းရွာထဲကို ဝင်ရောက်ပြီး အရပ်သားပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူသွားခဲ့တယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။
 
အဲဒီလို ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူခဲ့တဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှုတွေ ရှိပေမယ့် အတိအကျတော့ မသိရသေးဘူးလို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
 
ရွှေဘိုမြို့၊ အမှတ် (၈)လေ့ကျင့်ရေးတပ်ကနေ ခင်ဦးမြို့နယ်ထဲကို ဝင်ရောက်လာတဲ့ အင်အား တရာ ဝန်းကျင်ရှိ စစ်ကောင်စီတပ်တွေဟာ မနေ့က တဲဘိုပင်ကျေးရွာကို ညအိပ်ရပ်နားခဲ့ပြီး ဒီကနေ့ ဇူလိုင် ၁၆ ရက်မှာ ခင်ဦးမြို့နယ်အနောက်တောင်ခြမ်းက ကျေးရွာတွေထဲ ဝင်ရောက်လာတာပါ။
 
အဲဒီစစ်ကောင်စီတပ်ဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ကျွန်းလည်၊ ကျွန်းဆွယ်၊ ရွှေယမင်း၊ ကံကြီးကုန်း၊ မြို့သစ် အစရှိတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း နှစ်ဆယ် ဝန်းကျင်က ဒေသခံ တသောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
 
ဓာတ်ပုံ​ – ခင်ဦးသတင်းမှန်ပြန်ကြားရေး