ထားဝယ်အကျဉ်းထောင်မှာ ထောင်ဝန်ထမ်းတွေဆီမူးယစ်ဆေးဝါးတွေ့တယ်ဆိုပြီး လုံခြုံရေးတင်းကျပ်ထား

ဇူလိုင် ၊ ၁၆

 တနင်္သာရီတိုင်း၊ထားဝယ်မြို့ က အကျဉ်းထောင်အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေရှိတဲ့သတင်းကြောင့် စစ်ဆေးရာမှာ အကျဉ်းထောင်ဝန်ထမ်းတွေဆီက မူးယစ်ဆေးလက်ဝယ်တွေ့ခဲ့လို့ထောင်တွင်းလုံခြုံရေးနဲ့ထောင်ဝင်စာပို့ဆောင်တာတွေ တင်းကျပ်ထားတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေရဲ့ပြောပြချက်အရသိရပါတယ်။

ထောင်တွင်းမူးယစ်ဆေးဝါးဖောက်ကားတယ်ဆိုတဲ့သတင်းတွေအရတနင်္သာရီတိုင်း။ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းဦးဆောင်ပြီး ဇူလိုင် ၁၁ ရက်နေ့ ထောင်တွင်းဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တာလို့လည်းသိရပါတယ်။

 “သူတို့ သတင်းရပြီး ဝင်စစ်တာ အကျဉ်းသားတွေရှိကတော့ မမိဘူးပေါ့။အကျဉ်းသားဆိုတာကလည်း သူတို့ တကြိမ်စာ သုံးဖို့လောက်ပဲ ဝယ်သုံးနိုင်တာ ။ဈေးကလည်း ဒါမျိုးပစ္စည်းတွေကျ အရမ်းများတယ်လေ အပြင်နဲ့ လေးငါးဆလောက်ကွာတယ်။မူးယစ်ဆေးဝါးမှုနဲ့ထောင်ကျပြီး ပိုက်ဆံပေါတဲ့သူလောက်ပဲ ထောင်ထဲမှာသုံးနိုင်တာ ။အကျဉ်းသားတွေကို စစ်တာမတွေ့တော့ ဒေါပွပြီး ဝန်ထမ်းတွေကိုပါစစ်တာ အဲ့မှာမိတာပဲဟု”အကျဉ်းထောင်နဲ့ နီးစပ်သူတဦးမှ DNA ကိုပြောပါတယ်။

  မူးယစ်ဆေးဝါးများ ထောင်တွင်းမှာ ရောင်းချနေသူ ထောင်ဝန်ထမ်း ခြောက်ဦးကိုတော့ အဲဒီနေ့မှာပဲ ဖမ်းစီးပြီးထောင်တွင်း တိုက်မှာ ချုပ်နှောင်ထားပြီး တရားဆွဲဆိုဖို့လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

  ဒီဖြစ်ရပ်တွေပြီးတဲ့နောက်  ထားဝယ်အကျဉ်းထောင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦး အင်အားဖြည့်တင်းထားပြီး ထောင်ဝင်စာပေးပို့မှုကိုလည်း တင်းကြပ်ထားတယ်လို့သိရပါတယ်။

 “ရယ်ဒီမိတ်အထုပ်တွေလည်း အကုန်ဖောက်စစ်တယ်။ ခေါက်ဆွဲခြောက်ထုပ်နဲ့ကော်ဖီထုပ်တွေလည်း အကုန်ဖောက်ပြီး အိပ်ပြောင်းထည့်ရတယ် ။ ဧည့်တွေ့ချိန်လည်း လျော့လိုက်တယ်။

ဧည့်တွေ့တဲ့အခန်းထဲမှာလည်း စကစ ကကောင်တွေ လက်နက်ကိုင်ပြီး စောင့်နေတယ်။  စကားကို လွတ်လွတ်လပ်လပ်ပြောလို့မရတော့ဘူးဟု”ထောင်ဝင်စာသွားရောက်ပို့ဆောင်သူ တဦးမှလည်း ပြောပါတယ်။

 စစ်အာဏာသိမ်းမှုအပြီး မြန်နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်တွေထဲမှာ အကျိုးအမြတ်များတဲ့ အရက်သေစာနဲ့မူးယစ်ဆေးဝါးများကို ထောင်ဝန်ထမ်းတွေကနည်းအမျိုးမျိုးနဲ့ ထောင်တွင်းသို့ယူဆောင်ပြီး အကျဉ်းသားတွေကို ရောင်းချတဲ့ဖြစ်စဉ်တွေရှိနေတယ်လို့လည်း အကျဉ်းထောင်နဲ့နီးစပ်သူတွေကဆိုပါတယ်။