မတ္တရာမြို့နယ်က လေကြောင်းရန်ကာကွယ်ရေးတပ်ကို မန္တလေးPDF က ပထမဆုံးအကြိမ်တိုက်ခိုက်

ဇူလိုင် ၊ ၁၅

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က လေကြောင်းရန်ကာကွယ်ရေးတပ်ကို မန္တလေး PDF က ဒီကနေ့ မနက်  အစော ပိုင်းမှာပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကူလာတဲ့ လမ်းကြောင်းနှစ်ခုကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့ပြောရေးဆိုခွင့်ရှိသူ အောစမွန်(Osmond) က DNAကိုပြောပါတယ်။

မတ္တရာမြို့အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ် ၁၀၁၄ တပ်ကို ဒီကနေ့ မနက် ၃ နာရီလောက်မှာ ၁၀၇ ရှော့တိုက်ဒုန်းနဲ့ စတင်ပစ်ခတ်ခဲ့ပြီး အဲဒီတပ်ရဲ့ ကာကင်းစခန်းငယ်တခုကိုလည်းတပြိုင်တည်းတိုက်ခိုက်ခဲ့သလိုစစ်ကူလာတဲ့ လမ်းကြောင်းနှစ်ခုကိုလည်း မိုင်းဆွဲ တားဆီးခဲ့တာလို့ သူကဆိုပါတယ်။

 “အင်ကြင်မြိုင်လေကြောင်းရန်ကာကွယ်ရေး တပ်ကိုကျွန်တော်တို့ဘက်က စတင်ထိုးစစ်ပြုလုပ်ချိန်မှာ တိုက်ပွဲ တွေဖြစ်ခဲ့တာပါ” လို့ အော်စမွန်ကပြောပါတယ်။

 တိုက်ပွဲနဲ့ ပက်သက်တဲ့ အသေးစိပ်အချက်အလက်တွေကို ထပ်မံထုတ်ပြန်ပေးမှာဖြစ်သလို စစ်အုပ်စုရဲ့ ထိခိုက်မှု အခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

 ဒီကနေ့ မနက်ပိုင်းမှာ မတ္တရာမြို့နယ် ဆည်တော်ကြီး ဆည်အနီးက အင်ကြင်းမြိုင်ကျေးရွာနားမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဒေသအခြေစိုက် နဂါးညီနောင် ပြည်သူကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးကလည်း အတည်ပြု ပြောဆိုပါတယ်။

 “အဲဒီနားမှာ စစ်တပ်ရဲ့ အထိုင်တပ်ရှိတယ်လေ၊ရွာရဲ့မြောက်ဖက်တောင်ကုန်းတွေကြားမှာတပ်ထိုင်ထားတာပါ၊ တမံဖွင့်ကတည်းကတပ်ကရှိတယ်၊အဲဒီတပ်တိုက်ခိုက်ခံရတာ ဒါပထမဆုံးပဲ၊ကျွန်တော်တို့ကျတော့ ပြောက်ကျား အဖွဲ့လောက်ပဲဆိုတော့ တပ်စခန်းအထိတော့မတိုက်နိုင်သေးဘူး” လို့ သူကဆိုပါတယ်။

 အခုလို တိုက်ပွဲတွေမဖြစ်ခင်ကတည်းက အင်ကြင်းမြိုင်တပ်က စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းတွေ ထိုး တာကြောင့် အဲ့ဒီအနီးဝန်းကျင် စလေ၊ ဂွေပင်၊ ဆည်တော်ကြီး၊ ဆည်တော်လေး၊ ဇီးပုံ စတဲ့ကျေးရွာတွေက ဒေသခံ တွေက စစ်ရှောင်နေကြတာတွေ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

 ဒါ့အပြင်အခုလ ၁၁ ရက်ကလည်း အင်ကြင်းမြိုင်ရွာ မြောက်ဖက်က ရှားသီးချက်ကျေးရွာအနီးမှာ စစ်အုပ်စု စစ်ကြောင်း မိုင်းဆွဲခံရပြီး တိုက်ပွဲတွေဖြစ်ခဲ့သေးတယ်လို့သိရပါတယ်။ လက်ရှိမှာ အဲဒီအနီးနားက ရွာခံ ၁၁ ဦးလောက်ကို စစ်တပ်က ဓားစာခံအဖြစ်ဖမ်းဆီးထားသလို ဒေသခံတချို့ လည်း ထွက်ပြေးတိမ်းရှောင် နေရပါ တယ်။

 “သူတို့(စစ်တပ်)ကရွာမှာ ထိုင်လိုက်တော့ အကုန်ဒုက္ခရောက်ကုန်တာပေါ့၊ စပါးတွေလည်း အကုန်တန်း လန်းပဲထားခဲ့ရတယ်၊ရိတ်သိမ်ပြီးတာကော ရိတ်နေဆဲအခင်းတွေကောထားခဲ့ရတာအကုန် အညှောင့်တွေလည်း ပေါက်ကုန်တယ်၊အခုနွေစပါးလေ မိုးတွင်းမှာပေါ်တာပါ၊အဲဒါ့တွေတလင်းတွေထဲထားခဲ့ပြီး ပြေးရတာပဲ “ လို့ ရှားသီးချက် ရွာခံတဦးကပြောပါတယ်။

 အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) (မန္တလေး)နဲ့စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလကလည်း နောင်ချိုမြို့နယ်နဲ့ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသ တွေမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

ရက်ပေါင်း ၂၀ ကျော်လောက်ကြာတဲ့ အဲဒီတိုက်ပွဲမှာစစ်အုပ်စုက တပ်ရင်း ၇ ရင်းအပါအဝင်အင်အား ၁၀၀၀ နီးပါး အသုံးပြုပြီး တိုက်ခိုက်ခဲ့သလို တိုက်ပွဲကြီးလေးကြိမ်နဲ့ တိုက်ပွဲငယ် ၁၈ ကြိမ်အထိဖြစ်ခဲ့တယ်လို့ NUG ကထုတ်ပြန် ခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကတပ်ရင်းမှူးတဦးအပါအဝင် တရာနီးပါးသေဆုံးကာ ဒဏ်ရာအများ အပြားရရှိပြီးPDFဘက်က ၁၁ ဦးသေဆုံးကာ ဒဏ်ရာရသူတချို့ရှိတယ်လို့ ထုတ်ပြန်ခဲ့တာပါ။

အဲဒီတိုက်ပွဲမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေကိုပါ ပြုလုပ်ခဲ့တဲ့အတွက် အရပ်သား ခုနစ် ဦးသေဆုံး ခဲ့သလို နေအိမ်တချို့လည်း ပျက်ဆီးခဲ့ပါသေးတယ်။